ရေဘေးဆိုးရွားစွာကြုံခဲ့တဲ့ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ အခြေခံစာသင်ကျောင်းတွေ ပြန်ဖွင့်နေပေမဲ့ အချိန်ပြည့်တက်ရတာမျိုး မဟုတ်ဘဲ နေ့တဝက်သာ ဖွင့်နိုင်သေးတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
တမြို့လုံးသန့်ရှင်းရေး မပြီးသေးတာနဲ့ ရေမကျသေးတဲ့အပိုင်းတွေ ကျန်နေသေးတာကြောင့် မြို့ပေါ်က စာသင်ကျောင်းတွေ အကုန်မဖွင့်နိုင်သေးဘဲ ရေမကျသေးတဲ့အပိုင်းတွေက ကျောင်းတွေမှာ စုပေါင်းပြီး တက်နေကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကျောင်းကတော့ ဒီအချိန်ပြည့်တော့ မဟုတ်ဘူးပေါ့နော်။ မနက် ၈ နာရီတက်တယ်၊ နေ့လယ် ၁၂ နာရီခွဲ ဆင်းတယ်၊ အဲ့လိုမျိုးဖွင့်တယ်။ ထ ၁ ဖွင့်တယ်၊ ထ ၅ ဖွင့်တယ်၊ ထ ၇ ကတော့ ရေမြုပ်နေလို့ လောလောဆယ် သွားလို့လာလို့ မရသေးဘူးပေါ့နော်။ အဝေးသင်ကတော့ ဟိုးမြို့အဝင်နားက ကွန်ပျူတာတက္ကသိုလ်ကတော့ ပြန်ဖွင့်ဖို့လုပ်နေပြီ၊ ပညာရေးကသူတွေ အဲ့မှာတော့ လူစုနေပြီပေါ့။”
လွိုင်ကော်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံကျောင်း တွေကို နိုဝင်ဘာလထဲမှာ ဖွင့်နိုင်ဖို့ စစ်ကောင်စီဘက်က ပြင်ဆင်နေပြီး ကျောင်းတက်ဖို့ ပြန်လာကြတဲ့သူတွေ အနည်းငယ်ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “တက္ကသိုလ်ဘက်ကတော့ အဝေးသင်တွေဖြေဖို့ ကျောင်းသားတွေ ပြန်လာတာတော့ တွေ့တယ်။ အဲဒါက သူတို့လမ်းကြောင်းနဲ့ သူတို့သွားကြပါလိမ့်မယ်၊ ရှိနေပါလိမ့်မယ်။ အဖြစ်သဘောမျိုးနဲ့ ပြန်လာပြီးလုပ်တာတော့ တွေ့တယ်လေ။ ပြီးခဲ့တဲ့ ၂ လလောက် ရှိမှာပေါ့လေ။ သူတို့ စည်းရုံးရေးပြန်ဆင်းပြီးတော့ စဖွင့်တာ။ ရေကြီးတော့လည်း သူတို့ ရအောင်ပြန်တက်နေကြတာပဲ” လို့ ပြောပါတယ်။
လွိုင်ကော်မြို့ လက်ရှိ ရေကျသွားတဲ့အပိုင်းဘက်မှာ အခြေခံစာသင်ကျောင်း အနည်းငယ်နဲ့ ဖွင့်ထားပြီး ရေမကျသေးတဲ့ဘက်ခြမ်းက ပြည်သူတွေကိုတော့ မြို့ထဲအဝင်မခံဘူးလို့ ဆိုပါတယ်။ ဖွင့်ထားတဲ့ကျောင်းတွေမှာ ကျောင်းတက်နေတဲ့သူတွေ ရှိနေပေမဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်အထိကို KNDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး ၈ လလောက် ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်ပြီး ဆုတ်ခွာခဲ့ကြပါတယ်။ လက်ရှိမှာတော့ လွိုင်ကော်တမြို့လုံးနီးပါးကို စစ်ကောင်စီက ပြန်ထိန်းချုပ်ထားပြီး မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ စတဲ့ ကုန်တွေ အကုန်လုံး ၂ ဆနီးပါး ဈေးတက်နေပါတယ်။
မောရစ်