ဧရာဝတီတိုင်းမှာ ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီ ရောင်းချပါက အရေးယူမယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေး ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဧရာဝတီတိုင်းက စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ ရေကြည်၊ ငပုတော၊ အိမ်မဲ၊ ကျုံပျော် စတဲ့မြို့နယ်တွေရှိ စားသောက်ကုန်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေကို ပုဇွန်နှစ်ကောင်တံဆိပ်ပါတဲ့ စားသုံးဆီတွေ ရောင်းချခြင်းရှိမရှိနဲ့ ရောင်းချပါက အရေးယူမယ်လို့ဆိုကာ စစ်ကောင်စီ လက်အောက်ခံ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာ ၂၂ ရက်နဲ့ ၂၃ ရက်က စတင်လိုက်လံစစ်ဆေးနေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့က စားသောက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ရဲတွေနဲ့ စစ်သားတွေပါတဲ့ အဖွဲ့က လာစစ်ဆေးတာ၊ ပုဇွန်နှစ်ကောင်တံဆိပ်ပါတဲ့ စားသုံးဆီကို မရောင်းချဖို့ လာစစ်တာ။ တရားမဝင် တင်သွင်းတဲ့ဆီ ဖြစ်တဲ့အတွက် မရောင်းဖို့ ပြောသွားတယ်။ ရောင်းတာတွေ့ရင်လည်း ဖမ်းဆီးအရေးယူမယ်တဲ့။ စားသောက်ကုန် ရောင်းချတဲ့ဆိုင်တွေကိုပဲ သီးသန့်စစ်ဆေးတာ။ စားဆီတွေကို ဈေးတက်ရောင်းတာ မလုပ်ဖို့လည်း ပြောသွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးတဲ့အဖွဲ့တွေမှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စစ်ကောင်စီတပ်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ စားသုံးသူရေးရာဌာနနဲ့ မြို့နယ်အဆင့် တာဝန်ရှိတဲ့သူတွေပါတဲ့ စစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တာလို့ သိရပါတယ်။
ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဝင်တယောက်က “ပုဇွန်နှစ်ကောင်တံဆိပ်ပါ ဆီက တရားမဝင် ကုန်စည်ဖြစ်လို့ မရောင်းဖို့ စစ်ဆေး သတိပေးတာ။ ဆီဆိုင်တချို့မှာတော့ ရောင်းနေတာ တွေ့ရတယ်။ ပထမဆုံး စစ်ဆေးတာမို့ သတိပေးခဲ့တယ်။ နောက်တကြိမ် သင့်လျော်သလို ကွင်းဆင်းစစ်ဆေးတဲ့အခါ တွေ့ရရင် အရေးယူမှာဖြစ်တယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း စက်သုံးဆီရောင်းချတဲ့ ဆိုင်တွေကို ဆီဆိုင်မပိတ်ဖို့နဲ့ ဈေးတင်ရောင်းချတာတွေ မပြုလုပ်ဖို့၊ အကန့်အသတ်နဲ့ ရောင်းချခြင်း မပြုလုပ်ဖို့ စစ်ကောင်စီတပ်ပါတဲ့ ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေး သတိပေးတာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။