Home
မြန်မာသတင်း
မုန်တိုင်းသတိပေးချက်‌ကြောင့် ဧရာဝတီတိုင်းမှ ပင်လယ်ငါးဖမ်းလုပ်ငန်းများ ယာယီရပ်နား
DVB
·
October 23, 2024
Photo-KS

ဧရာဝတီတိုင်းမှာ မုန်တိုင်းသတိပေးချက်ကြောင့် အောက်တိုဘာ ၂၂ ရက် ညနေကစပြီး ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေ သဘာဝဘေးရှောင်ဖို့ ယာယီရပ်နားထားရတယ်လို့ ဧရာဝတီတိုင်းက ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ‘ဒါနာ” မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်း အပါအဝင် ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းတလျှောက်မှာ လှိုင်းအမြင့် ၁၅ ပေအထိ ဖြစ်ပေါ်လာနိုင်တဲ့အပြင် လေပြင်းတိုက်ခတ်တာ၊ မိုးသည်းထန်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားလို့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေ ယာယီရပ်နားထားရတာလို့ ဆိုပါတယ်။

လပွတ္တာမြို့နယ်က ရေလုပ်ငန်းရှင်တယောက်က “လက်ရှိ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းသတိပေးချက်ကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းတွေကို ခေတ္တရပ်နားလိုက်တာ။ မနေ့ညနေက စတင်လို့ ငါးဖမ်းစက်လှေတွေကို ကမ်းခြေပြန်ကပ်ပြီး ရပ်နားလိုက်တာ။ လက်ရှိတော့ မိုးတွေရွာ လှိုင်းတွေလည်း ထနေတယ်။ မုန်တိုင်းရဲ့ လေတိုက်နှုန်းက များသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ ဒီဘက်ကို သက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သဘာဝဘေးကို သတိနဲ့ကြိုတင်ရှောင်တာ” လို့ ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် လပွတ္တာ၊ ဖျာပုံ၊ ပြင်စလူ၊ ဟိုင်းကြီးကျွန်း စတဲ့ဒေသက ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

ဟိုင်းကြီးကျွန်းမြို့က ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တယောက်က “ကျနော်တို့ရဲ့လုပ်ငန်းက ပင်လယ်ပြင် သဘာဝအခြေအနေကို စောင့်ကြည့် လုပ်ကိုင်ရတဲ့ လုပ်ငန်းပါ။ ကျနော်တို့ဒေသတွေကလည်း ပင်လယ်နဲ့ အရမ်းနီးတယ်။ ဒါ့ကြောင့် သတိထားရတယ်။ မုန်တိုင်းဆိုရင်တော့ အတော်ကိုကြောက်တယ်။ ဘာလို့လဲဆိုတော့ နာဂစ်တုန်းကလည်း ခံစားခဲ့ဖူးလို့ပါ။ အခုတောင် မုန်တိုင်းက ဟိုင်းကြီးကျွန်းရဲ့ မိုင် ၂၀၀ ကျော်မှာ ရှိနေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို ငါးဖမ်းစက်လှေတွေ အသုံးပြုပြီး ငါးဖမ်းစက်လှေတစီးကို အမျိုးသား ၁၀ ယောက်ကနေ ၂၅ ယောက် စက်လှေ အကြီးအသေး အပေါ် မူတည်ကာ လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းမှာ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေကို အခုနှစ်ထဲမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်ခဲ့တာကြောင့် ငါးဖမ်းလုပ်ငန်းတွေ ယာယီရပ်တာဟာ ၂ ကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ယာယီရပ်နားခဲ့ရသေးတယ်လို့ သိရပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ၁၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ဟာ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်းရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၄၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး ဗဟိုချက် လေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီကို မိုင် ၄၀ နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024