ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် ဧရာဝတီတိုင်းမှာ လေပြင်းတိုက်ခတ်ခဲ့ပြီး လူနေအိမ် အလုံး ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်မှာ နေအိမ် ၁၀ လုံး၊ ဒေးဒရဲမြို့နယ်မှာ နေအိမ် ၅ လုံးနဲ့ လေးမျက်နှာမြို့နယ်မှာ နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် လေပြင်းတွေ တိုက်ခတ်တာပါ။ လေပြင်းဒဏ်ကြောင့် မြို့နယ် ၃ ခုမှာ မနေ့က ညနေပိုင်းအထိ နေအိမ် ၂၀ လောက် ပျက်စီးခဲ့တာ။ သဘာဝဘေးအန္တရာယ် ခံစားခဲ့ရတဲ့သူတွေကို သက်ဆိုင်ရာက ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ သိရတယ်။ လေပြင်းကြောင့် လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိပါဘူး” လို့ ပြောပါတယ်။
လက်ရှိ လေဘေးသင့် ဒေသခံတွေဟာ နေအိမ်တွေ ပျက်စီးခဲ့တာကြောင့် နီးစပ်ရာ ဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ ယာယီပြောင်းရွှေ့နေကြသလို ယာယီတဲထိုး နေနေရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေးဒရဲဒေသခံတယောက်က “အဒေါ်အိမ်က လေပြင်းကြောင့် လုံးဝ ပြိုကျပျက်စီးသွားတာ။ တမိုးတွင်းလုံး အိမ်က ဘာမှမဖြစ်ခဲ့ဘူး။ မနေ့က လေပြင်းကြောင့် ပျက်စီးတာ။ လူတွေထိခိုက်တာ မရှိပါဘူး။ အခု ယာယီတဲထိုး နေထိုင်နေရတယ်။ ဒီနေ့ ၂၃ ရက်နေ့အထိတော့ ဘယ်ကမှ ထောက်ပံ့တာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ မိုးအကုန်ကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် မိုးအကုန်ကာလမှာ ဖြစ်ပွားတတ်တဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာ၊ မိုးကြီးတာ စတဲ့ မိုးလေဝသ အခြေအနေတွေကို သတိပြု နေထိုင်လုပ်ကိုင်သွားလာကြဖို့ လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင်တွေနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အကြုံပြုချက်အရ သိရပါတယ်။
အခု အောက်တိုဘာ ၂၀ ရက်ကလည်း ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှာ ရက်ဆက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၇ လုံး ပြိုကျပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။