Home
မြန်မာသတင်း
ARSA စခန်း ၄ ခုကို AA သိမ်းပိုက်၊ စစ်ကောင်စီ ထောက်ပံ့သည့် စစ်အသုံးအဆောင်များတွေ့ရှိ 
DVB
·
October 23, 2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ အာရက္ခတပ်တော် (AA) နဲ့ မွတ်ဆလင် လက်နက်ကိုင် ARSA တပ်ဖွဲ့တို့အကြားမှာ တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ARSA စခန်း ၄ ခုနဲ့ စစ်ကောင်စီထောက်ပံ့ပေးထားတဲ့ စစ်အသုံးအဆောင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော်က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ခရုချောင်း(မွတ်ဆလင်)ကျေးရွာရဲ့ အနောက်မြောက်ဘက် တောင်တန်းမှာ အောက်တိုဘာ ၁၉ ရက်က စတင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြကာ ARSA စခန်း ၄ ခု၊ စစ်ကောင်စီ တပ်ဆင်ထားတဲ့ လက်နက်ခဲယမ်းတွေအပြင် အလောင်းတချို့ကိုလည်း ဖမ်းဆီးရခဲ့တယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးနေတဲ့ ARSA တပ်ဖွဲ့တွေကို လိုက်လံရှာဖွေရာကနေ အောက်တိုဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်မှာလည်း မောင်တောမြို့နယ် ဂြင်းတောစခန်းအနီးမှာ ARSA တပ်ဖွဲ့ဝင်တွေနဲ့ မိနစ်အနည်းငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ မွတ်ဆလင်လက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO၊ ARA အဖွဲ့တွေဟာ အာရက္ခတပ်တော်က လက်လှမ်းမမီနိုင်သေးတဲ့ နေရာတချို့နဲ့ တောထူထပ်တဲ့ တောင်တန်းတွေမှာ တပ်စခန်းတွေ အခိုင်အမာတည်ဆောက်ပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ၊ အကြမ်းဖက် သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေ၊ ငွေညှစ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း အာရက္ခတပ်တော်က ပြောပါတယ်။

မွတ်ဆလင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ်ဟာ ရခိုင်ဒေသအတွင်း သာမက ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်နှစ်ဖက်မှာ နေထိုင်ကြတဲ့ အရပ်သားပြည်သူ လူထုတွေအတွက်ပါ များစွာစိုးရိမ်စရာကောင်းသလို စိန်ခေါ်မှုအသစ်တခု ဖြစ်လာပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးတွေကိုပါ စိန်ခေါ်မှု ရှိလာတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင်လက်နက်ကိုင်ဖြစ်တဲ့ ARSA အဖွဲ့က မကြာခဏဆိုသလို ချုံခိုတိုက်ခိုက်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ၄ လအတွင်းမှာ အရပ်သားသေဆုံးသူ ၁၅ ယောက်ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မွတ်ဆလင်လက်နက်ကိုင်တွေက ပြည်သူကို ပစ်မှတ်ထားပြီး အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကြောင့် ပြည်သူတွေမှာ စိုးရိမ်မှုအပြည့်နဲ့ နေထိုင်နေကြရတယ်လို့ မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာသားတယောက်က ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ မေယုတောင်တန်းတွေကို အထိုင်လုပ်ပြီး မွတ်ဆလင် လက်နက်ကိုင်တွေက ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်လာတာတွေ ရှိလာတယ်။ အဲဒါကြောင့် ဘယ်နေရာကိုသွားသွား လုံခြုံရေးကိုပဲ ဦးစားပေး သွားလာနေကြရတာ ဖြစ်တယ်။ ရှေ့မှာလည်း ပြည်သူတွေကို သတ်ဖြတ်ထားတာကြောင့် စိုးရိမ်စိတ်နဲ့ပဲ ဖြတ်သန်းနေကြရတယ်။”

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့မှာ မွတ်ဆလင်လက်နက်ကိုင်တွေ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို လိုက်လံရှာဖွေစဉ် အောက်တိုဘာ ၇ ရက်မှာ မွတ်ဆလင်တပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် အာရက္ခတပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ပြီး ၂ ‌ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

မွတ်ဆလင်လက်နက်ကိုင်တွေဖြစ်ကြတဲ့ ARSA၊ RSO၊ ARA နဲ့ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်တွေဟာ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AA ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013