Home
မြန်မာသတင်း
လေယာဉ်ဆီဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ပါဝင်လက်မှတ်ထိုးရန် တောင်းဆို  
DVB
·
October 21, 2024

မြန်မာပြည်သူတွေကို လေယာဉ်နဲ့ နေ့စဉ် အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီအား အာဆီယံအတွင်း နိုင်ငံတွေက လေယာဉ်ဆီ ထောက်ပံ့နေတာကို ဖြတ်တောက်ပေးဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့က တောင်းဆိုထားပါတယ်။

အမေရိကန်၊ အီးယူနဲ့ ယူကေအစိုးရတွေက ပိတ်ဆို့အရေးယူခဲ့ပေမဲ့ စစ်အုပ်စုနဲ့ ခရိုနီကုမ္ပဏီတွေကိုသာ သက်ရောက်စေမှာ ဖြစ်တဲ့အတွက် ထိရောက်တဲ့ ပိတ်ဆို့မှုမျိုး မဟုတ်သေးဘဲ လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီက ဆက်လက်ရရှိနေတာလို့ သွေးစွန်းငွေအဖွဲ့က ဆိုပါတယ်။

လူထုရဲ့ဆန္ဒသဘောထားကို ကောက်ခံပြီး လက်မှတ်သိန်းချီရရှိတဲ့အခါမှာတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေဆီကို ပေးပို့သွားမယ်လို့ သွေးစွန်းငွေအဖွဲ့ရဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

“လူထုလက်မှတ်တောင်းခံရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဘယ်အစိုးရ ဘယ်အဖွဲ့အစည်းမဆို လူထုအသံကို နားကိုထောင်ရတယ်ပေါ့နော်။ အဲဒီမှာ တကယ်ကို လူ့အခွင့်အရေး လိုက်နာပါတယ်၊ လေးစားပါတယ်ဆိုတဲ့အဖွဲ့တွေ အစိုးရတွေကတော့ လူထုအသံကို လိုက်လုပ်ကြရတာပေါ့။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့က နိုင်ငံတကာ အစိုးရတွေ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေကို တောင်းဆိုတဲ့အခါမှာ လူထုရဲ့ အသံနဲ့အတူ တောင်းဆိုတာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံအစိုးရတွေ၊ ကုမ္ပဏီတွေမှာ policy မူဝါဒ အပြောင်းအလဲဖြစ်ဖို့တွေ၊ စစ်အုပ်စုကို အရေးယူမယ့် မူဝါဒချမှတ်မှုတွေမှာ မူဝါဒရေးဆွဲသူတွေကို လှုံ့ဆော်စည်းရုံးနိုင်တဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။”

၂၀၂၄ ခုနှစ်ထဲမှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာကို ပိုအသုံးပြုလာနေတာက လေယာဉ်ဆီကို ဝယ်ယူရရှိနေသေးလို့ဖြစ်ပြီး အခုထက်ပိုမို ဆက်လက်ဝယ်ယူရရှိနေဦးမယ်ဆိုရင် လူထုကို ပိုမိုထိခိုက်စေမှာဖြစ်တဲ့အတွက် လူထုအနေနဲ့ ပါဝင်လက်မှတ်ထိုးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

“အရှေ့မှာလည်း လူထုသိန်းနဲ့ချီ ပါဝင်ခဲ့တဲ့ လက်မှတ်တွေကြောင့် MOGE ကို အီးယူက sanction ချတာမျိုးတွေ၊ ပြည်သူတွေရဲ့ ဖိအားတွေကြောင့် စင်ကာပူကနေ မအလကို လက်နက်၊ နည်းပညာတင်ပို့ရောင်းချမှု လျော့ကျသွားတာမျိုးတွေ၊ ဒါတွေက ဘာကြောင့် လူထုအသံတွေ အင်အားတွေ လိုတယ်ဆိုတာပါ။ ဒါကြောင့်လည်း ခုတခေါက်မှာ လူထုလက်မှတ်တွေနဲ့အတူ လေယာဉ်ဆီ ဖြတ်တောက်ရေး တောင်းဆိုမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။  လူထုလက်မှတ် သိန်းနဲ့ချီ ပါဝင်နိုင်ဖို့လည်းတိုက်တွန်းပါတယ်” လို့ တိုက်တွန်းထားပါတယ်။

ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတကာအစိုးရတွေဆီကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုသွားမှာဖြစ်ပြီး လူထုလက်မှတ်တွေကို အောက်တိုဘာ ၁၈ ရက်က စတင်ပြီး နိုဝင်ဘာလကုန်ထိ ကောက်ယူသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ စက်တင်ဘာ တလတည်းမှာပဲ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၃၅၀ ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၂၀ နီးပါးသေဆုံးခဲ့တယ်လို့ Blood Money Campaign သွေးစွန်းငွေဖြတ်တောက်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ အောက်ပါ  link  မှာ ပါဝင်လက်မှတ်ထိုးနိုင်တယ်လို့ သိရပါတယ်။

Stop the export, sale, and transfer of aviation fuel to the Myanmar junta

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013