ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က နေအိမ် ၂၀၀ နီးပါးက ဒေသခံတွေကို နီးစပ်ရာကျေးရွာတွေဆီ ချက်ချင်းပြောင်းရွှေ့နေကြထိုင်ဖို့ စစ်ကောင်စီတပ်တွေက ဖိ အားပေးပြောင်းရွှေ့ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေကြည်မြို့နယ်၊ ရိုးမအစပ်မှာရှိတဲ့ စောပြာ၊ စိမ့်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ် ၂၀၀ နီးပါးကို စစ်ကောင်စီတပ်က တောင်စမ်း၊ မြောက်စမ်း စတဲ့ ကျေးရွာတွေဘက်ကို ချက်ချင်း ပြောင်းရွှေ့ခိုင်းတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေကြည်မြို့နယ်ထဲက စစ်ကောင်စီ အခုပြောင်းရွှေ့ခိုင်းတဲ့နေရာတွေက ရခိုင်ရိုးမအစပ်မှာ နေထိုင်နေကြတာကြာပြီ။ ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းရဲ့အစပ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တိုက်ပွဲ ပြင်းထန်လာလို့ အခုလို ရွှေ့ပြောင်းခိုင်းတာ။ အောက်တိုဘာ ၂၁ ရက် မနက်ဖြန်ပေါ့၊ နောက်ဆုံးထားအပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်ဘက်က ပြောထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “၁၉ ရက်နေ့ကတည်းက စစ်တပ်က လာပြော ရွှေ့ခိုင်းတာ။ မရွှေ့ရင် အဲဒီနေရာတွေ တကယ်လို့ ဗုံးကြဲခဲ့မယ်ဆိုရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဆိုပြီး ပြောတာ။ တချို့တော့ ကြောက်လန့်တကြား ပြောင်းရွှေ့ကုန်ကြပြီ။ အားလုံးပြောင်းရွှေ့ဖို့များတယ်၊ ဗုံးကြဲမယ်ဆိုတာကို” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြောင်းရွှေ့ခိုင်းတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လယ်ယာ၊ မီးသွေးဖုတ်၊ ထင်းခုတ်၊ ဝါးခုတ်၊ သားငါးရှာ စတဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ကိုင်နေသူတွေဖြစ်ပြီး လူအယောက် ၅၀၀ နီးပါးလောက်အထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ သာပေါင်း၊ ရေကြည်၊ ကြံခင်းနဲ့ မြန်အောင်မြို့နယ်တွေက သစ်တောကြိုးဝိုင်းနဲ့နီးတဲ့ ရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာအပြင် စစ်ဆေးရေး ဂိတ်တွေပါ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။