မန္တလေး ၁၆ မိုင်ဂိတ်ကို စစ်ကောင်စီက ကားအသေးတွေကို ထွက်ခွာခွင့်ပိတ်လိုက်ပြန်ပြီလို့ မန္တလေး-မိုးကုတ်ကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်မောင်းတွေက ပြောပါတယ်။
ဒီနေ့မွန်းလွဲပိုင်းကစပြီး မန္တလေးအထွက် ၁၆ မိုင်ဂိတ်ကို ဖြတ်သန်းမယ့် ကားအသေးတွေကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်လိုက်ပြီး ဝက်ဝံဂိတ်ကလည်း အိမ်စီးကားတွေကို ပေးမဖြတ်တော့တာကြောင့် နောက်ကြောင်းပြန်လှည့်နေကြရတယ်လို့ ဆိုပါတယ်။
ခရီးသည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတယောက်က “မိုးကုတ်ကနေ မန္တလေးကို ဆင်းလာတဲ့ ကားတွေကတော့ ရတယ်ဗျ။ မိုးကုတ်ကို တက်မယ့်ကားကို ပေးမဖြတ်ဘူး။ ကားကြီးတွေပေးဖြတ် မဖြတ်တော့ မသိဘူးခင်ဗျ” လို့ ပြောပါတယ်။
၁၆ မိုင်ဂိတ်က ဖြတ်သန်းခွင့်မပြုတာဟာ ဘာကြောင့်ဆိုတာမသိရဘဲ ဝက်ဝံဂိတ်ကတော့ ပြင်ဦးလွင်က လာရောက်တဲ့ကားတွေကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပေးနေတယ်လို့ မော်တော်ယာဉ်မောင်းတွေက ဆိုပါတယ်။
အဆိုပါဂိတ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် မကြာခဏ ပိတ်လိုက်ဖွင့်လိုက်လုပ်နေတဲ့ ဂိတ်တွေဖြစ်တာကြောင့် ရွာချင်းဆက်လမ်းတွေကနေ သွားလာနေကြရပါတယ်။
“စစ်ကောင်စီဂိတ်တွေရှောင်ဖို့ ရွာချင်းဆက်လမ်းတွေကို ရှောင်သွားပေမဲ့ တဖက်က မိုးကုတ်မြို့အဝင်မှာ PDF ဂိတ်တွေက ပေးမဖြတ်တာတွေကြောင့် ပိတ်မိတာတွေလည်း ဖြစ်တာပဲ။ မန္တလေး-မိုးကုတ်လမ်းကိုသွားမယ်ဆိုရင်တော့ ဘယ်လမ်းက အဆင်ပြေတယ်ဆိုတာ ကြိုစုံစမ်းပြီးသွားတာ ကောင်းတယ်။ တနေ့နဲ့ တနေ့အခြေအနေက မတူတော့ဘူး” လို့ မိုးကုတ်မြို့မှ ယာဉ်မောင်းတယောက်က ပြောပါတယ်။
ဒီလို နှစ်ဖက်အဖွဲ့တွေရဲ့ လမ်းပိတ်တဲ့ အခြေအနေတွေကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်တင်ယာဉ်တွေဟာ လမ်းမှာ ရက်ရှည်ပိတ်မိနေပြီး စားရေးသောက်ရေးအတွက် နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ တောင်းရမ်းစားသောက်ရတဲ့အထိ အခက်အခဲ ကြုံနေကြရပါတယ်။