ဒီကနေ့ မြန်မာနိုင်ငံမှာ ပြည်သူလူထု အလိုမတူဘဲ နိုင်ငံတော်အချုပ်အခြာအာဏာ ၃ ရပ်ကို လက်နက်အားကိုးပြီး လုယူခဲ့ကြတဲ့ တရားမဝင်အစိုးရ စစ်ဓားပြဂိုဏ်းဟာ နောက်ထပ် ရွေးကောက်ပွဲအတုတခု အယောင်ပြအဖြစ် ကျင်းပပြီး တရားဝင်ဖြစ်မယ်ထင်ပြီး စစ်သန်းခေါင်စာရင်း ပြင်ဆင်ကြိုးပမ်းလာနေချိန် ဖြစ်ပါတယ်။
သမ္မတရူး မင်းအောင်လှိုင်ဟာ အခြေအနေချင်း မတူတော့တာမှန်း သိပါလျက်နဲ့ သူ့ရှေ့က စစ်ဓားပြ ဆရာ့ဆရာတွေ လုပ်ခဲ့တဲ့ နည်းလမ်းကြီးအတိုင်း ဒီတခါလည်း ရမယ်ထင်ပြီး ထပ်မံကြိုးပမ်းလာတာဟာ တခါရ... ရနိုးနိုး ခွေးမဖင် လက်ညှိုးထိုးတဲ့ စကားလိုပါပဲ၊ အရှက်သိက္ခာမဲ့စွာ မိုက်မဲစွာ ကိုယ့်သေတွင်း ကိုယ်တူးလာတာလို့ ပြောရမှာဖြစ်ပါတယ်။
ပြိုင်ဘက်ကို ကြိုးနဲ့တုပ်ထားပြီး ကလေးတွေနဲ့ အပြေးပြိုင် အနိုင်ယူသလိုမျိုး အရှက်မဲ့လှတဲ့ စစ်အာဏာရှင် သန်းရွှေနဲ့ သိန်းစိန်တို့ဟာလည်း တရားမျှတမှုမရှိတဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို အဓိကအတိုက်အခံပါတီလည်းဖြစ်၊ ပြည်သူလူထု ၈၀ ရာခိုင်နှုန်းကျော်က ဝိုင်းရံထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကိုယ်စားလှယ်တွေကို ပါဝင်ယှဉ်ပြိုင်လို့မရအောင် ညစ်နည်းမျိုးစုံ၊ ယုတ်နည်းမျိုးစုံနဲ့ ဖိနှိပ် ဖမ်းဆီး ထောင်ချ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ပြီး ကျန်တဲ့ လူနည်းစု တိုင်းရင်းသားပါတီတွေနဲ့သာ ယှဉ်ပြိုင်ခဲ့ပြီး ဂုဏ်သိက္ခာမဲ့စွာ လိမ်ညာအနိုင်ယူပြီး စစ်ဘောင်းဘီချွတ် ချိပ်ပုဆိုးကောက်စွပ်လို့ ခါတော်မီ အရပ်သားအစိုးရ အမည်ခံခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။
အဲဒီတုန်းက အင်တာနက်ခေတ် မဟုတ်သေးတာမို့ လူထုဆက်သွယ်ရေးလမ်းကြောင်းတွေ၊ သတင်းမီဒီယာဖြန့်ချိရေး အားမကောင်းသေးသလို ပြည်တွင်း ပြည်ပ နိုင်ငံရေးအခြေအနေတွေနဲ့ စစ်ဓားပြဂိုဏ်းကလည်း လူလတ်တန်းစားတွေ၊ ဖောက်ပြန်တဲ့ ပညာတတ်အသိုင်းအဝိုင်းတွေကို အခွင့်ထူးခံခွင့်နဲ့ မျှားယူပြီး ဖျက်ဆီးခဲ့တာမို့ ပေါင်းစားချမ်းသာခွင့်တွေနဲ့ သူခိုးကြီး သူခိုးလတ် သူခိုးငယ် ခရိုနီအများအပြား ပေါက်ပွားစေနိုင်ခဲ့ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးကို နိုင်ငံရေးဇာတ်ရှိန်သတ်ခဲ့ကြပါတယ်။
အခုတခေါက် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးကတော့ စစ်ဓားပြဂိုဏ်းအတွက် ကံဆိုးမိုးမှောင်ကျစေမယ့် အခြေခံအကြောင်းတရားတွေပေါင်းစုံ အားကောင်းလာခဲ့ပါပြီ။ အင်တာနက်ခေတ်၊ နည်းပညာခေတ်၊ အိုင်တီခေတ်၊ သတင်းမီဒီယာ ထိပ်တန်းရောက်လာတဲ့ခေတ်၊ အခုနောက်ဆုံး ဉာဏ်ရည်တုနည်းပညာ AI ပေါ်လာတဲ့ခေတ်မှာ ကြီးပျင်းလာခဲ့တဲ့ ဂျန်ဇီလို့ ချစ်စနိုးခေါ်ကြတဲ့ Generation Z လူငယ်မျိုးဆက်သစ်တွေဟာ ဒီမိုကရေစီရဲ့ အရသာကို ၅ နှစ်တာ မြည်းစမ်းခွင့် ရခဲ့ပါတယ်။ ဂျန်ဇီတွေရဲ့ အနာဂတ် အိပ်မက်တွေကို စစ်ဖိနပ်နဲ့ နင်းချေဖျက်ဆီးခဲ့တဲ့ ခေတ်နောက်ပြန်ဆွဲ စစ်ဓားပြဂိုဏ်းရဲ့ အကြီးမားဆုံး အမှားတွေထဲက တခုပါပဲ။
ပင်ကိုအသိဉာဏ် နည်းပါးတဲ့အပြင် အာဏာအဆိပ် ငယ်ထိပ်တက်နေတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ စစ်မကောင်းဆိုးဝါးတသိုက်ဟာ သူတို့အတွက် အလားအလာ မကောင်းတော့တာ၊ အခြေအနေ ဆိုးရွားနေတာကို မရိပ်စားမိဘဲ အရင်လိုပဲ အကြောက်တရားနဲ့ သတ်ဖြတ်ဖိနှိပ်ရင် ရလိမ့်ဦးမယ်ထင်ပြီး ခပ်ပေါ့ပေါ့ အာဏာသိမ်းခဲ့ကြပုံ ရပါတယ်။
သူတို့ တွက်ကိန်းမှားတယ်ဆိုတာ မအောင်မြင်တဲ့ အာဏာလုယက်မှုဟာ ၃ နှစ်ကျော် ကြာလာတဲ့ အချိန်မှာတော့ မြန်မာ့သမိုင်းမှာ တခါမှမကြုံဘူးတဲ့ ရှုံးနိမ့်ခြင်းတွေ၊ စစ်ဌာနချုပ်အဆင့် လက်လွှတ်ဆုံးရှုံးရသလို တပ်မအလိုက်၊ ဗျူဟာအလိုက်၊ တပ်ရင်းအလိုက် စစ်အင်အား ပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အဖြစ်က သက်သေခံနေပါတယ်။
ဒီလိုနဲ့ နိဂုံးပိုင်း နေဝင်ချိန်ရောက်ပြီး အလွန်လျင်မြန်တဲ့နှုန်းနဲ့ ပြိုဆင်းလာနေတဲ့ စစ်အာဏာရှင် စနစ်ဟောင်းအိုကြီးကို ကျားကန်ဖို့ ဆေးမြီးတို မဲပြာပုဆိုး နည်းလမ်းဟောင်းတခုဖြစ်တဲ့ ပြိုင်ဘက်မပါဘဲ ရွေးကောက်ပွဲ ဇွတ်ကျင်းပပြီး တရားဝင်အစိုးရဖြစ်ဖို့ အားထုတ်လာပြန်တာဟာ အသက်ငင်နေတဲ့ လူနာကို ဆေးဖယောင်းတိုင်ထွန်း၊ အောက်လမ်းဆရာက ကြိမ်နဲ့ရိုက် ကုသလိုပါပဲ၊ မြန်မြန်အသက်ထွက်စေဖို့ တွန်းအားဖြစ်လာမှာပါပဲ။
တနိုင်ငံလုံးရဲ့ ၃၀ % ကိုတောင် အနိုင်နိုင်ထိန်းချုပ်နေရတဲ့ စစ်ဓားပြတွေ ဗိုလ်ကျကျင်းပမယ့် တပြည်လုံးအမည်ခံ စစ်ကျွန်ရွေးကောက်ပွဲကနေ ဓားပြကိုယ်စားလှယ်နဲ့ ဓားပြကျွန်တွေပဲ ထွက်လာမှာမို့ ပြည်သူလူထုကို ကိုယ်စားမပြုသလို ပြည်တွင်းပြည်ပက အသိအမှတ်မပြုတာမို့ တရားဝင်မှု ဘယ်တော့မှ မရနိုင်ပါဘူး။ အခုဆို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့မြို့ပေါင်း ၈၂ မြို့ထိရှိလာပြီး တနိုင်ငံလုံး ၄၀ % နီးပါး ဖြစ်လာတဲ့အပြင် ကျန်တဲ့နယ်မြေတွေမှာလည်း ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်နေတာမို့ ဘယ်လိုမှ တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ပါဘူး။
ပြည်သူအများစုက နာကြည်းလွန်းလို့ လက်မခံတဲ့ စစ်ဓားပြတွေ စွန့်ကြဲတဲ့ ဖျာစုတ်တချပ်ကို ခွေးကတက်မှာခင်းပြီး ထိုင်ခွင့်ရမှာကို လူရာဝင်တယ်လို့ထင်တဲ့ သိက္ခာမဲ့ နိုင်ငံရေးစားဖားတွေသာ စစ်ကျွန်ရွေးကောက်ပွဲအတုမှာ ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ တအိမ်လုံး လုယူသွားပြီးမှ ဖျာစုတ်တချပ် ပြန်ရဖို့ ရွေးကောက်ပွဲအတု ဝင်ပြိုင်ရင်တော့ သမိုင်းဝင် စစ်ကျွန်စစ်စစ်လို့ပဲ သမိုင်းဆိုး မော်ကွန်းထိုးရစ်မှာ ဖြစ်ပါတယ်။
အမြင့်ဆုံး ရိုင်းစိုင်းယုတ်မာစွာ စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို ကြားကောင်းရုံ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ မျက်နှာဖုံးစွပ်ပြီး အပစ်ရပ် ဆွေးနွေးမယ်ဆိုရင် ကျူးလွန်မှုတွေအပေါ် တာဝန်ယူ၊ တာဝန်ခံမှု မပါရင် ငြိမ်းချမ်းရေးအတုပါပဲ။ ငြိမ်းချမ်းရေးအစစ်အမှန်ရအောင် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အခြေခံအုတ်မြစ်က စစ်ရာဇဝတ်မှုတွေကို တာဝန်ယူ၊ တာဝန်ခံမှု ပါရမှာဖြစ်ပါတယ်။
သမာသမတ်ရှိပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ အခြေခံလိုအပ်ချက်တွေက ၁) နိုင်ငံသားအားလုံး ပါဝင်နိုင်မှု၊ ၂) ပွင့်လင်းမြင်သာရှိမှု၊ ၃) တာဝန်ခံ တာဝန်ယူရှိမှု၊ ၄) လွတ်လပ်စွာ အပြိုင်အဆိုင် ယှဉ်ပြိုင်ခြင်းရှိမှု စတဲ့လက္ခဏာတွေ ရှိရမှာဖြစ်ပါတယ်။
နိုင်ငံအနှံ့ ပြည်တွင်းစစ်မီး တောက်လောင်နေပြီး စစ်ဘေးရှောင်နေရသူ၊ စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူ သန်း ၂၀ ကျော်အပြင် နိုင်ငံရပ်ခြားမှာ ထွက်နေရတဲ့ ပြည်သူ ၁၀ သန်းလောက်ရှိနေချိန် တရားဥပဒေစိုးမိုးမှုမရှိ၊ နိုင်ငံရေးမတည်ငြိမ်တဲ့ တိုင်းပြည်မှာ ဘယ်တုန်းကမှ ပြည်သူကို လွတ်လပ်ခွင့်မပေးတဲ့အပြင် ကိုယ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ စစ်ဓားပြဂိုဏ်းက ဦးစီးကျင်းပပေးမယ့် ရွေးကောက်ပွဲဆိုတာ ဘယ်လိုနည်းနဲ့မှ သမာသမတ် မကျနိုင်သလို တရားမျှတမှု မရှိနိုင်တာ ရာနှုန်းပြည့် သေချာပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ ဂျန်ဇီ လူငယ်မျိုးဆက်သစ်တွေ အပါအဝင် တိုင်းရင်းသား မိဘပြည်သူလူထုရဲ့ အသည်းကြားက မဲပြားတွေနဲ့ ရွေးချယ် ဆုံးဖြတ်ပေးထားတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို အသိအမှတ်မပြုဘဲ လက်နက်အားကိုးပြီး နိုင်ငံတော်အာဏာ ၃ ရပ်လုံးကို ရက်စက်ကြမ်းကြုတ်စွာ လုယက်ခဲ့ကြတဲ့ စစ်ဓားပြဂိုဏ်းက သူတို့အလိုကျ ထပ်လုပ်မယ့် ရွေးကောက်ပွဲဆိုတာ ကလိမ်ကကျစ် စစ်ကျွန်ရွေးကောက်ပွဲသာပဲ ဖြစ်ပြီး ဘယ်နည်းနဲ့မှ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ မဖြစ်လာတာမို့ ပြည်သူတွေသာမက နိုင်ငံတကာကလည်း အသိအမှတ်ပြုကြမှာ မဟုတ်ပေမဲ့ ထွက်ပေါက်ပိတ်ပြီး စစ်ရှုံးနေသူတွေအတွက် အားကိုးစရာ ထွက်ပေါက်တခုအနေနဲ့ ဇွတ်ဆက်လုပ်နေကြတာ ဖြစ်ပါတယ်။
ဒါကြောင့် လူထုက အသိအမှတ်မပြု၊ လက်မခံတဲ့ စစ်ဖိနပ်အောက်မှာ သေနတ်နဲ့ထောက် ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကြတဲ့သူတွေ၊ ကူညီပံ့ပိုးကြသူတွေနဲ့ ပါဝင်ယှဉ်ပြိုင်ကြမယ့် လုပ်စားနိုင်ငံရေးပါတီတွေနဲ့ ခေတ်ပျက်မှာ လူရာဝင်လိုတဲ့ စစ်ကျွန်မျိုးစစ်စစ်တွေဆိုတာ ပြည်သူလူထုရဲ့ သစ္စာဖောက်၊ နိုင်ငံတော်ရဲ့ ရန်သူတော်စာရင်းပေါက် သမိုင်းဝင်ပါကြောင်း။