ကရင်နီပြည်ရဲ့မြို့တော် လွိုင်ကော်မြို့က တက္ကသိုလ်တွေနဲ့ ကျောင်းတွေ ပြန်ဖွင့်ဖို့အတွက် စစ်ကောင်စီက အောက်တိုဘာလ ပထမအပတ်ကစပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လွိုင်ကော်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ကောလိပ်နဲ့ သိပ္ပံကျောင်းတွေကို နိုဝင်ဘာလထဲမှာ ဖွင့်နိုင်ဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
လွိုင်ကော်မြို့ကနေ တခြားမြို့တွေကို ရောက်ရှိနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျောင်းဖွင့်ချိန်မှာ ရှိနေဖို့အတွက် မပြန်မနေရဆိုပြီး ဖိအားပေး ခေါ်ယူတာတွေရှိနေသလို ကျောင်းတွေကို သန့်ရှင်းရေးလည်း လုပ်နေတယ်လို့ ဒေသခံတွေနဲ့ ဆရာ၊ ဆရာမတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “ဒါက လုံးဝမဖြစ်နိုင်ပါဘူး။ ဘယ်သူမှ တက်ရဲမှာလည်း မဟုတ်ဘူး။ ပတ်ဝန်းကျင်ရပ်ကွက်တွေမှာလည်း ဘယ်သူမှမရှိဘူး။ (လွိုင်ကော်မြို့ပေါ်ရပ်ကွက်ထဲမှာ) အရင်တခါက အမတို့ ရိုမန်ကက်သလစ်ဘာသာရေးအရ စိပ်ပုတီးစိပ်တာ။ လူ ၁၅ ယောက်လောက်ကို၊ ပတ်ဝန်းကျင်မှာလည်း သူတို့ ကင်းတွေရှိတယ်။ ကြားထဲမှာလည်း ရဲက လာစောင့်တယ်။ တက္ကသိုလ်ဆိုလည်း အဲဒီလိုပဲ ဖြစ်မှာပေါ့။ ကျောင်းသား တယောက်ပဲရှိရှိ၊ နှစ်ယောက်ပဲရှိရှိ ကင်းယူနေမှာ” လို့ ပြောပါတယ်။
လွိုင်ကော်မြို့က ဒေသခံ ကျောင်းသူကျောင်းသားလူငယ်တွေက CDM ပြုလုပ်တဲ့သူ များပြားပြီး နယ်မြေမတည်ငြိမ်တဲ့အတွက် ကျောင်းတက်မှာမဟုတ်ဘဲ စစ်ကောင်စီတပ်က နယ်မြေ အေးချမ်းသယောင်ပြဖို့အတွက် ကြိုးစားနေတာဖြစ်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။
ဒေသခံအမျိုးသားတယောက်က “သူတို့ကတော့ ကျောင်းမှ မဟုတ်ဘူး။ ဌာနဆိုင်ရာယန္တရား ပြန်လည်ပတ်ဖို့ လုပ်နေတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး။ တကယ်တမ်း ကျောင်းဖွင့်ရင်တော့ ဘောမတွေ လာမယ်။ စစ်ကောင်စီ အသိုင်းအဝိုင်းတွေ လာမယ်။ ဒါပဲရှိမှာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လွိုင်ကော်မြို့က နောင်ယား၊ ချိကယ်၊ ဒေါဥခူ၊ ဘာဒို၊ နာနတ်တော၊ ထေးငှားလျား ရပ်ကွက်တို့မှာ စစ်ကောင်စီတပ်က နေထိုင်ခွင့်မပြုသေးဘဲ ရှမ်းပိုင်း၊ ဒေါနိုးကူး၊ နန့်ဘော်ဝမ်၊ ကြည်သာယာ၊ လောဓမ္မ၊ ဒေါတမ ရပ်ကွက်တို့မှာတော့ ပြည်သူတချို့ ပြန်နေထိုင်တာရှိတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံလောက်အထိကို KNDF နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက် ထားခဲ့ပြီး ၈ လလောက် ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လမှာ ပြန်ပြီး ဆုတ်ခွာခဲ့ကြပါတယ်။