Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်ညီနောင်များ သိမ်းထားသည့်နေရာအချို့ကို စစ်တပ်က ‌လေကြောင်း တိုက်ခိုက်
DVB
·
October 28, 2024
Photo - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန, 果敢资讯网, ဒေသခံ
Photo - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန, 果敢资讯网, ဒေသခံ
Photo - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန, 果敢资讯网, ဒေသခံ
Photo - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန, 果敢资讯网, ဒေသခံ
Photo - PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန, 果敢资讯网, ဒေသခံ

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ အောက်တိုဘာ ၂၇ ရက်‌မှာ မြောက်ပိုင်း မဟာမိတ် ညီနောင်တွေ သိမ်းပိုက်ထားတဲ့ နေရာတချို့ ‌လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာပြီး တယောက် သေဆုံးကြောင်း ထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတယောက်က “၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်တဲ့ ည ၉ နာရီ၊ ၁၀ နာရီလောက်မှာ သိန္နီမြို့။ သိန္နီ ဘုရားကျောင်း ကြေကုန်ပြီ။ အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်း ၂ နာရီလောက်မှာက မုံးစီး၊ ပြိန်းလုံ၊ ရေပူစမ်း။ အောက်တိုဘာလ ၂၇ ရက်နေ့က မနက်ပိုင်းတော့ လောက်ကိုင်နဲ့ သိန္နီနားက ကောင်းဟော်ရွာ၊ နမ့်ခမ်း” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ တံတားဦးဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ နမ့်ခမ်းကနေ နမ့်ဖတ်ကာသွားတဲ့လမ်း ၁၂ မိုင်က TNLA ဂိတ်အနီး ဗုံးတလုံး၊ နမ့်ခမ်း စခန်းသစ်အနီးက လွယ်ဆာရွာအနီး ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “နမ့်ခမ်း စခန်းသစ် မန်နားရွာမှာ ကြဲသွားတာတဲ့။ နည်းနည်းစောသွားလို့ ပြည်သူတွေ မသေကုန်တာ။ သူတို့ရဲ့ အောင်ပွဲအစီအစဉ် တနေ့ည တညလုံး ကျင်းပပြီး မနေ့ကလည်း ပြည်သူတွေ အများကြီးကို ခေါ်ထားတာ ဟုတ်တယ်။ လေယာဉ် စောသွားလို့ ပြည်သူတွေ မရောက်ခင် လာကြဲသွားတာ။ စခန်းသစ် မန်နားလို့ ပြောတယ်။ နမ့်ဖတ်ကာ ဆင်းလာတဲ့ လမ်း ဟုတ်တယ်” လို့ ပြောပါတယ်။

နမ့်ခမ်း စခန်းသစ်ကုန်းမှာ မနေ့က အောင်ပွဲခံတဲ့ အစီအစဉ် ကျင်းပဖို့ မန်နားရွာက ပြည်သူတွေကို စုထားခိုင်းတာ လေယာဉ် အရောက်စောသွားလို့ ပြည်သူတွေ အထိအခိုက်မရှိဘူးလို့ သူက ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက် ၇း၃၅၊ ၇း၄၅ နဲ့ ၈း၁၄ မိနစ်တို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က သတင်း ထုတ်ထားပါတယ်။

အောက်တိုဘာ ၂၇ ရက် ည ၉ နာရီခန့်က သိန္နီမြို့ထဲ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးအများအပြား ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ အများနဲ့ဆိုင်တဲ့ အဆောက်အဦတွေ၊ နေအိမ်တွေ ပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ကြောင်း MNDAA ဘက်က သတင်းထုတ်ထားပါတယ်။

အောက်တိုဘာ ၂၇ ရက် မနက် အစောပိုင်း ၀၀ နာရီ ၂၀ မိနစ်လောက်ကလည်း လောက်ကိုင် စွမ်းဖုန်းချိန် ဆိုတဲ့ နေရာဘက်ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၅ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပြီး Henaery ဟိုတယ် အပေါ်ဆုံးထပ် ဗုံးတိုက်ရိုက်ထိမှန်ခဲ့ကြောင်း၊ ပိုင်ရှိန် အဆောက်အဦအနီးမှာလည်း ဗုံးအသေး ၂ လုံး ကျရောက်ကာ အပေါ်ဆုံးထပ်ကို ထိမှန်ခဲ့ကြောင်း၊ ဗုံးကျရောက်‌ပေါက်ကွဲရာ အနီးနားဝန်းကျင်က လူနေအိမ်တချို့ ပျက်စီးကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နောင်ချိုမြို့နယ် သပြေရွာဘက်လည်း အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲခန့်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရကြောင်း ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“သပြေရွာထဲကျပြီး တယောက် သေတယ် ကြားတယ်။ အဆက်အသွယ် မရသေးလို့ ဘယ်နားကျလဲ သေချာမသိရသေးဘူး။” 

အစောပိုင်းရက်တွေကတည်းက ၁၀၂၇ ပြည့်တဲ့နေ့ကျရင် စစ်ကောင်စီက လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Pra Jaw

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013