ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးကာ ဆိုင်ကယ်သိမ်းယူပြီး ငွေကျပ် သိန်းချီနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ အောက်တိုဘာ ၁ ရက်ကနေ စတင်ပြီး အောက်တိုဘာ ၂၇ ရက်အထိ စစ်ကောင်စီတပ်နဲ့ ရဲတွေက စစ်ကောင်စီရဲ့ အမိန့်နဲ့ အထူးစီမံချက်လို့ဆိုကာ ဆိုင်ကယ်တွေကို အကြောင်း အမျိုးမျိုးမေးမြန်းပြီး သိမ်းယူကာ ငွေသိန်းချီနဲ့ ပြန်ရွေးယူခိုင်းနေတာလို့ ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့ ဒေသခံတယောက်က “စစ်ကောင်စီစစ်တပ်က အနောက်ကနေတာ။ ရဲတွေက အဓိကလုပ်နေတာ။ အရင်ဆုံး ဆိုင်ကယ်သော့သိမ်းပြီး ဆိုင်ကယ်ပါ ယူလိုက်တာ။ လူပါ စခန်းလိုက်ခဲ့ဆိုပြီး ခေါ်တာ။ စခန်းရောက်တော့ လူကို တရားရုံးပို့မယ်၊ ထောင်ချမယ်ပေါ့ ခြိမ်းခြောက်တာ။ ထောင်မကျချင်ရင် ငွေပေးရမယ်၊ ဒဲ့ပြောတောင်းတာ ရဲတွေက။ ဆိုင်ကယ်အပေါ် မူတည်ပြီး သူတို့က တောင်းတာ။ ဆိုင်ကယ်ကောင်း ကောင်းသလိုပေါ့။ ကိုယ့်ဆိုင်ကယ်က အကောင်းကြီးဆိုတော့ ၇ သိန်းတောင် ပေးခဲ့ရတယ်။ မော်လမြိုင်ကျွန်းက ရဲတွေ တော်တော်ဆိုးတယ်။ ငွေပေးတော့ ခွဲယူကြတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ အောက်တိုဘာ ၁ ရက်ကနေ ၂၇ ရက်အထိ ကာလအတွင်း ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်သိမ်းယူပြီး ငွေ ၁ သိန်းကနေ ၇ သိန်းအထိပေးကာ ဆိုင်ကယ် ပြန်ရွေးရသူ အယောက် ၅၀ ကျော်အထိရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဆိုင်ကယ် စစ်ဆေး ဖမ်းဆီးငွေညှစ်တဲ့ အလုပ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက အဓိက လုပ်နေတာ။ ညဘက်ဆို KTV မှာ သုံးကြတာ။ မော်ကျွန်းက KTV တွေမှာ ရဲတွေပဲ ရှိတာ။ သူတို့ အခုလိုစစ်ဆေးတာ၊ ဆိုင်ကယ်သိမ်းတာ၊ ငွေတောင်းတာတွေကို မှတ်တမ်းယူထားတယ်ပေါ့။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရိုက်ပြီး အွန်လိုင်းပေါ်တင်ရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်သေးတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ဆိုင်ကယ် စစ်ဆေးဖမ်းဆီး ငွေညှစ်ခံနေရတာကြောင့် လမ်းအသုံးပြုတဲ့သူတွေအနေနဲ့ အခက်အခဲအတော်ရောက်နေပြီး ငွေကြေးမပြည့်စုံတဲ့သူတွေအဖို့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိပါက မသွားမလာရဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။