Home
မြန်မာသတင်း
ငါန်းဇွန်တွင် တိုက်ပွဲဖြစ်၊ မတ္တရာတွင် စစ်ကြောင်းတိုက်ခိုက်ခံရပြီး ရွာကို စစ်တပ်က မီးရှို့
DVB
·
October 27, 2024

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာနားမှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်လို့ စစ်သား ၂ ယောက်သေဆုံးပြီး မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာက စစ်ကောင်စီရဲစခန်းကို ဩဂုတ် ၁၉ ရက် မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက် စခန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲပြီး မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် အောက်တိုဘာ ၂၀ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ နောက်ဆုတ် ပေးထားခဲ့တာဖြစ်ပါတယ်။

ငါန်းမြာကြီးရွာသားတယောက်က “တိုက်ပွဲကတော့ နေ့တိုင်းလိုလိုဖြစ်နေတာဗျ။ စစ်တပ်ဘက်ကလည်း  နေ့တိုင်းလိုလို လေယာဉ်နဲ့လာပစ်နေတာဗျ။ ဒီနေ့မနက်လည်း တိုက်ပွဲဖြစ်သံ ကြားရတယ်။ ကျနော်တို့ဒေသခံတွေကတော့ ရွာကိုမပြန်ရတာ ၂ လကျော်ကြာ ရှိနေပြီဗျ။ အခုလို ရွာအနီးနှစ်ဖက်တိုက်ပွဲဖြစ်တော့ စပါးစိုက်ခင်းတွေ၊ သကြားပြောင်းဖူးခင်းတွေ အကုန်ပျက်စီး ဆုံးရှုံးနစ်နာရတယ်။ တိုက်ပွဲဖြစ်တာလည်း အခု ၂ လ‌ကျော်တဲ့ထိ မပြီးသေးတော့  ကျနော်တို့ စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး ပိုပြီးခက်နေကြတယ်” လို့ ပြောပါတယ်။

ဒီနေ့‌ မနက်ပိုင်း စစ်ကောင်စီဘက်က ရွာအပြင်ကို ကင်းပုန်းဝပ်ဖို့ထွက်လာတုန်း နှစ်ဖက်ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာလို့ သိရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း ၇  Zero ပြောက်ကျားတပ်ဖွဲ့က ကိုသက်ကြီးက “စစ်တပ်က ငါန်းမြာကြီး ရွာအပြင်ကို ကင်းပုန်းဝပ်ဖို့ အင်အား ၃၀ နဲ့ ရွာအပြင်ထွက်လာတယ်။ အဲဒီထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ဘက်က စနိုက်ပါနဲ့ လက်ဦးမှုယူပြီး ပစ်ခတ်ခဲ့တာကနေ တိုက်ပွဲစဖြစ်တာ။ ကျနော်တို့ စနိုက်ပါနဲ့ပစ်လို့  စစ်သား ၂ ဦး နေရာတင်ပွဲချင်းပြီး သေဆုံးသွားတယ်။ သေဆုံးသွားတဲ့အလောင်း ၂ လောင်းကို စစ်တပ်က ငါန်းမြာကြီးရွာထဲ ပြန်ဆွဲပြီး သယ်သွားကြတာမြင်လိုက်ရတယ်။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇  Zero ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံခရိုင် တပ်ရင်း ၆ တို့ ပါဝင်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း၊ ငါန်းမြာကြီးရွာမှာရှိတဲ့ စစ်သားနဲ့ပျူစောထီးတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က အောက်တိုဘာ ၂၆ ရက် မနေ့ ညနေ ၄ နာရီအချိန်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံရွာသားတယောက်က “မနက်ခင်း ၉ နာရီ ၄၅ မှာ နှစ်ဖက်ထိတွေ့မှုဖြစ်တယ်။ အဲလို ထိတွေ့ပြီး ပစ်ခတ်တဲ့အသံတွေကြားရ‌တော့ ကျနော်တို့ရွာသားတွေ ရွာထဲကနေ အကုန်ထွက်ပြေးရတယ်။ နေ့လယ်ခင်း ၁ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးတွေလာချတယ်။။ အသေအပျောက်ကတော့ ဘာမှမသိရသေးဘူး။ ရွာထဲလည်း ပြန်မဝင်ရဲသေးဘူး။ စစ်ကြောင်းကလည်း ရွာထဲကနေ ပြန်မထွက်သေးဘူး။ ကျနော်တို့ကတော့ ကြောက်လို့ ရွာနဲ့ဝေးပြီး စိတ်ချရတဲ့‌နေရာကို မိသားစုလိုက်ထွက်ပြေးခဲ့တယ်” ပြောပါတယ်။

ဝေါစုရွာကို ထိုးလာတဲ့စစ်ကြောင်းဟာ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူတွေနဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့လည်း သိရပါတယ်။

မတ္တရာ Local PDF ခေါင်းဆောင်တယောက်က “တိုက်ပွဲဖြစ်တဲ့သတင်းက ဟုတ်ပါတယ်။ သူတို့ဘက်က လက်နက်ကြီးအင်အား၊ လေယာဉ်စတဲ့ သာလွန်အင်အားတွေ ပစ်ခတ်တာပေါ့။ အဲဒါကို ကျနော်တို့ဘက်က ခံပစ်တယ်။ ဒါပေမဲ့ ဝေဟင်ကပါ လေယာဉ်နဲ့ပစ်ခတ်တယ်။ အရပ်သား ထိခိုက်မှုတွေလည်းရှိနိုင်တယ်ဗျ။ ကျနော်တို့ဘက်ကတော့ အခုထိ ထိခိုက်ဒဏ်ရာရရှိမှုတယောက်မှ မရှိသေးဘူး။ နှစ်ဖက်စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်တယ်” ပြောပါတယ်။

ရွာသားတွေကတော့ ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး အောက်တိုဘာ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း အဲဒီရွာအနီးတဝိုက်ကို စစ်တပ်က ဝေဟင်ကနေ‌ လေယာဉ် ၂ စင်းနဲ့ လှည့်လည်ပျံသန်းနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024