ဧရာဝတီတိုင်းကနေတဆင့် ရခိုင်ပြည်နယ်ကို တင်ပို့မယ့် စားသောက်ကုန်တင်တဲ့ ကုန်ကားတွေကို အိမ်မဲမြို့နယ်၊ ကျွန်းကုန်းရွာမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အောက်တိုဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ရန်ကုန်ဘက်ကနေ စားသောက်ကုန်ပစ္စည်းတင်လာတဲ့ ကုန်ကားတွေပါ။ ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ်ဘက်ကို တင်ပို့ဖို့ပါ။ လာသယ်ယူမယ့် သင်္ဘောကို စောင့်နေတုန်း အဖမ်းခံရတာ။ ၂၅ ရက်နေ့က ၄ စီးနဲ့ ၂၆ ရက် မနေ့က ၃ စီး၊ အားလုံး ကား ၇ စီးပါ။ ကုန်ခြောက်တွေ တင်လာတဲ့ ကားပါ၊ စစ်ဆေးပါလို့ ပြောတာမရဘူး။ စစ်ကောင်စီတပ် ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသလို အာရက္ခတပ်တော် AA ဆီပို့မယ့် ရိက္ခာတင်ကုန်ကားဆိုတာ မဟုတ်ပါဘူး။ ပုံမှန်ကုန်စည်ကူးသန်းနေတဲ့ ကုန်ကားပါ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ကုန်တင်ယာဉ်တွေနဲ့ ကုန်ပစ္စည်းတွေကို အိမ်မဲမြို့နယ် ဘောလုံးကွင်းမှာ သိမ်းဆည်း ထားပြီး ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုတော့ အိမ်မဲမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဟိုဘက်ကသင်္ဘောက လာယူတော့မယ့်ဆဲဆဲ အဖမ်းခံရတာပေါ့နော်။ ဝါးခယ်မမြို့နယ်နဲ့ အိမ်မဲမြို့နယ်ရဲ့အစပ် ကျွန်းကုန်းတံတားအနီးမှာ အဖမ်းခံရတာ။ ကားတွေထဲမှာ ရခိုင်ဘက်ပို့မယ့် ဆန်၊ ဆား၊ စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ အဝတ်အထည်တွေနဲ့ ဆပ်ပြာတွေပဲ ပါပါတယ်။ ရခိုင့်တပ်တော် AA ကို ပို့မယ့် ကုန်ပစ္စည်းတွေ ဆိုပြီး ဖမ်းတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်ပထမပတ်ထဲမှာ ရခိုင်ပြည်နယ်ကို တင်ပို့မယ့် ကျပ်သိန်းပေါင်း ၆ သောင်းလောက်နဲ့ စားသောက်ကုန်စည်တွေ သယ်လာတဲ့ စက်လှေတစင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။
AA နဲ့ စစ်ကောင်စီတို့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ရခိုင်ပြည်နယ်ထဲကို စားသောက်ကုန်နဲ့ ကုန်စည်အအမျိုးမျိုး တင်သွင်းခွင့်ကို ပိတ်ပင်ထားခဲ့တာကြောင့် ကုန်သည်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ တင်သွင်းနေကြရတာ ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ကုန်ဈေးနှုန်းလည်း အဆမတန် တက်နေပါတယ်။