ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၃ ရက် နေ့ခင်းပိုင်းနဲ့ ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးထပ်ကြဲလို့ ပြည်သူ ၆ ယောက် သေဆုံးပြီး ထိခိုက်မှုများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၁၀ နာရီ ၅ မိနစ်လောက်မှာ ၆၈ တပ်အနီး နားဖရွာနဲ့ ညနေ ၃ နာရီ ၁ မိနစ်နဲ့ ၃ နာရီ ၁၀ မိနစ်တွေမှာတော့ အမှတ် ၁ နယ်မြေရဲစခန်းမှာ ကြဲသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အမှတ် ၁ ရဲစခန်းနဲ့ ၆၈ တပ်နား နားဖရွာဘက် ဗုံးကြဲသွားရာက ၆ ယောက် သေတယ်။”
ကိုးကန့်တပ်တွေ ထိန်းချုပ်တပ်စွဲထားတဲ့ အမှတ် ၁ ရဲစခန်းနားမှာ ဆေးရုံနဲ့ ဈေးရှိပြီး ရဲစခန်းကို ဗုံးကြဲသွားလို့ မြို့မဈေးကို သွားလာနေတဲ့ ပြည်သူ ၆ ယောက် သေဆုံးသွားတယ်လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
အခုလို ဗုံးကြဲချိန်မှာ လားရှိုးထောင်က စစ်သုံ့ပန်း ၁၀ ယောက် ထောင်ဖောက် ထွက်ပြေးသွားတယ်လို့ MNDAA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းကပဲ လားရှိုးမြို့ကနေ မန္တလေးဘက်အထွက် မယ်ဟန်ရွာနားက ရိုးရာအရက်စက်ရုံကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အဆောက်အဦတွေ မီးလောင် ပျက်စီးခဲ့ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်ရာ လားရှိုးမြို့ကို စစ်တပ်က လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် ဩဂုတ် ၃၀ ရက်ကစလို့ ဒီနေ့အထိ လေကြောင်းနဲ့ အကြိမ် ၂၀ ဝန်းကျင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။
Pra Jaw