မကြာခဏ တိုက်ခိုက်ခံနေရတဲ့ နခမတိုင်းစစ်ဌာနချုပ် စစ်ကူရစေဖို့ စစ်ခေါင်းဆောင်က အောက်တိုဘာ ၂၁ ရက်မှာ ကန့်ဘလူခရိုင်မှာရှိတဲ့ ဦးဝါသဝ ပြည်သူ့စစ်အဖွဲ့ကို လက်နက်တွေ ထပ်မံတပ်ဆင်ပေးခဲ့လို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဦးဝါသဝ ပြည်သူ့စစ်အဖွဲ့ဟာ လက်နက်တွေရပြီးနောက် အောက်တိုဘာ ၂၂ ရက်မှာ ကန့်ဘလူမြို့နယ်အတွင်း လှည့်လည်ကာ အင်အားပြခဲ့ပြီး ဦးဝါသဝက စစ်တပ်နဲ့အတူ PDF တွေကို တိုက်ဖို့ ကြွေးကြော်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“PDF က ရွာသားတွေပဲနေရင် လာမတိုက်ဘူး၊ အခုလို သူတို့က အင်အားပြ၊ PDF က လာတိုက်ရင် ထွက်ပြေး၊ PDF တွေပြန်သွားရင် ရွာကလူတွေ ပြဿနာရှာ၊ အိမ်တွေမီးရှို့၊ ဒေသခံဆိုတဲ့စကားအတိုင်းပဲ ဒေသခံလူတွေပဲ ခံရတာ၊ အဓိကတရားခံက စစ်တပ်ပဲ။”
ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း အောက်တိုဘာ ၁၅ ရက်က နမခ တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိနေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၆ ရက်အကြာမှာ ဦးဝါသဝ ပြည်သူ့စစ်အဖွဲ့တွေကို လက်နက်ထပ်မံတပ်ဆင်ပေးတာလို့ ခရိုင်အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“နမခတိုင်းကို စိတ်ပူတယ်၊ ခဏခဏ တိုက်ခိုက်ခံနေရတော့ ကစထမှူးက ဒုတပ်ချုပ်ကို တင်ပြပြီး နမခအတွက် ဦးဝါသဝ ပြည်သူ့စစ်ကို ခေါ်သုံးဖို့ လက်နက်တွေထုတ်ပေးတာ အတော်များတယ်။ ဒရုန်းတွေရော စက်လက်နက်ကြီးတွေရော ထပ်ပြီးထုတ်ပေးမယ်လို့ ကတိပေးသွားတယ်။”
စစ်အင်အား အလွန်အကျွံ ဖြည့်တင်းလာတာကြောင့် ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှနဲ့ ဇီးကုန်းမြို့က ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေသလို ငွေကြေးတတ်နိုင်သူတွေကတော့ မြို့ရွာကနေ ပြောင်းရွှေ့နေကြတယ်လို့ သိရပါတယ်။
ဦးဝါသဝ ပြည်သူ့စစ်ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း သြဂုတ် ၁၉ ရက်၊ အောက်တိုဘာ ၇ ရက်နဲ့ အောက်တိုဘာ ၂၁ ရက်တို့မှာ ၃ ကြိမ်တိုင် စစ်လက်နက်နဲ့ ထောက်ပံငွေ ပေးခဲ့တာပါ။
အလားတူ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း ဦးဝါသဝ ပြည်သူ့စစ်အဖွဲ့ကို ငွေသိန်း ၃,၀၀၀ နဲ့ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာလည်း ရှိပါတယ်။