ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို အောက်တိုဘာ ၂၆ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချခဲ့ပြီး စစ်တွေမြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့က ဒေသခံအမျိုးသမီးတယောက်က “ည ၉ နာရီခွဲအချိန်လောက်မှာ လေယာဉ်ပေါ်ကနေ ဗုံးကြဲချသွားတယ်။ စစ်တွေမြို့အနီးပတ်ဝန်းကျင် ဝါဘို၊ အမြင့်ကျွန်းနားလောက် ဖြစ်မယ်။ လေယာဉ်တွေလည်း အများကြီးပဲ ဝဲနေကြတာ။ နာရီဝက်လောက် လက်နက်တွေလည်း အပြန်အလှန် ပစ်ခတ်နေကြတယ်” လို့ ပြောပါတယ်။
ထိခိုက်ပျက်စီးမှုတွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစလို့ စစ်တွေနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဝါဘိုရွာ၊ အမြင့်ကျွန်းရွာတို့မှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေ စဖြစ်ခဲ့တာပါ။
ရခိုင်ပြည်နယ် မောင်တော၊ အမ်း၊ ဂွ နဲ့ ကျိန္တလီဒေသတို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး တောင်ကုတ်မြို့နယ်မှာလည်း တခါတရံ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။