Home
မြန်မာသတင်း
မြောင်မြို့နယ်တွင်  လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံး
DVB
·
October 24, 2024
Photo-CDSOM အဖွဲ့
Photo-CDSOM အဖွဲ့

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အောက်တိုဘာ ၂၃ ရက် ညနေ ၅ နာရီခွဲ ၀န်းကျင်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၅ ယောက်ထက် မနည်း သေဆုံးကာ ၁၀ ယောက်ထက် မနည်းဒဏ်ရာရရှိသွားကြသလို အိမ် ၅ လုံးထက်မနည်းလည်း ပျက်စီးသွားတယ်လို့  ဒေသခံ ကူညီကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။

ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့၀င်တယောက်က “ဂျက်ဖိုက်တာ ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲ သွားတာ ၁ လုံးကတော့ လူ မထိခိုက်ဘူး။ နောက်တလုံးကတော့ ရွာထဲက အိမ်တွေပေါ် တည့်တည့် ကျလို့ အမျိုးသမီး ၂ ဦးက နေရာတင်ဆုံးသွားတယ်။ ၁၀ ဦးကျော်လောက်ဒဏ်ရာရလို့ ဆေးရုံ တင်ထား ရတယ်”လို့ ပြောပါတယ်။

ဗုံးကြဲခံရလို့ အသက် ၇၀ ကျော်နဲ့ အသက် ၁၅ နှစ်၀န်းကျင် အမျိုးသမီး ၂ ယောက် နေရာမှာတင်သေဆုံးသွားခဲ့တာဖြစ်ပြီး ဆေးကုသမှုခံယူနေသူတွေထဲက အောက်တိုဘာ ၂၄ ရက် မနက်ပိုင်း အထိ ၃ ယောက် ထပ်မံသေဆုံးကာ သေဆုံးသူ ၅ ယောက် အထိရှိလာပြီလို့ သိရပါတယ်။

မြောင်မြို့နယ်မှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က အခုလို လေကြောင်းကနေ အရပ်သားပစ်မှတ်တွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ 

မြောင်မြို့နယ် CDSOM အဖွဲ့ရဲ့တာ၀န်ရှိသူက “အခုလို ဘာကြောင့် လေကြောင်းကနေ တိုက်ခိုက်တာလည်း မသိဘူး။ သူတို့တွေ ဘာသတင်းရလို့လည်း မသိဘူး။ ရွာထဲကိုကျတဲ့ ဗုံးဆိုရင် လေပေါ်တင်ကွဲပြီး အောက်က အိမ်တွေ ပေါ်ကျတာလို့ သိရတယ်။ အခုလက်ရှိ ဆေးကုသမှုခံယူနေသူတွေကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး” လို့  ပြောပါတယ်။

ဇရပ်ကုန်းရွာဟာ အိမ်ခြေ ၁၀၀၀ လောက်ရှိပြီး မြောင်မြို့နဲ့ ၈ မိုင်သာဝေးတဲ့ ရွာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့်  ရွာသားတွေဟာ ကျေးရွာထဲ မနေရဲဘဲ ထွက်ပြေးနေရ ပါတယ်။

ကူညီကယ်ဆယ်ရေးပရဟိတသမား တယောက်က “လေယာဉ်က မြောင်မြို့ရဲ့ တောင်ဘက်ကနေ လာတာ။ ကနဦးပထမလေယာဉ်က ငမျှောင်တောင်ရွာအနီးက ဘုရာကြီးအနီးကို ၂ လုံး ချသွားတယ်။ နောက်တစီးက ဇရပ်ကုန်းရွာအ ရှေ့ပိုင်း ဒေါ်သန်းနုအိမ်နဲ့ ဒေါ်ထူးအိမ်ပေါ်ကို တည့်တည်ချတာ။ ချတဲဗုံးက လေပေါ်တင် ပေါက်ကွဲပြီး အိမ် ၂ လုံး ပျက်စီးတယ်။ ရွာထဲက မီးတိုင်တွလည်း ကျိုးကျပျက်စီးတယ်”လို့ ပြောပါတယ်။

ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် နွား၊ ဆိတ်၊ ၀က် အစရှိတဲ့ အိမ်မွေးတိရိစ္ဆာန်အကောင် ၂၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။

ဇရပ်ကုန်းရွာကို ၂၀၂၂ ခုနှစ် မေလကလည်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်တပ်က စစ်ကြာင်းထိုးပြီး မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မြောင်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ ဧပြီ ၉ ရက် မြောင်မြို့က အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ လက်အောက် ခံတွေ သေဆုံးဒဏ်ရာရခဲ့ကြပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013