စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က သခွတ္တနယ် ကျေးရွာအပါအဝင် အနီးနားက ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က စစ်ကူအင်အား ၁၀၀ ဝန်းကျင်နဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေလို့လည်း ဒေသခံတွေက ပြောပါတယ်။
သခွတ္တနယ်ကျေးရွာနေ ပြည်သူတယောက်က “စစ်တပ်က အောက်တိုဘာ ၁၉ ရက်မှာ ညောင်ကန်ရွာနဲ့ အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းမှာတော့ သခွတ္တနယ်ရွာ အပါအဝင် အနီးအနားက မုံအိုရွာ၊ ဖိုကုန်းကျေးရွာ၊ ဂွေးပင်ကျင်းကျေးရွာ၊ စိုင်ပြင်လေးရွာ စတဲ့ ကျေးရွာ ၅ ရွာကို ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်တာဗျ။ လူအသေအပျောက်ကတော့ အထိအခိုက်နဲ့ အိမ်ပျက်စီးတာတွေကတော့ အတိအကျ မသိရသေးဘူး” လို့ ပြောပါတယ်။
မြေပြင် စစ်ကောင်စီ စစ်ကြောင်းကတော့ စိုင်ပြင်လေးရွာမှာ တပ်စွဲနေပြီး လေယာဉ်နဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
အလားတူ ရေဦးနယ်၊ အင်ပထိုးရွာအနီးကို စစ်တပ်က အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီကျော်က ဗုံးကြဲချ တိုက်ခိုက်သွားတယ်လို့လည်း ရေဦးမြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲကနေ လာရောက်ဗုံးကြဲချတာလို့လည်း သိရပါတယ်။
ရေဦးဒေသခံတယောက်က “ဗုံးသီးက ၂ လုံး ချသွားတာဗျ။ ဘယ်နေရာ ချသွားတာလဲဆိုတော့ အင်ပထိုး-စည်သာမြေ-မဲအိုး စတဲ့ကျေးရွာ ၃ ရွာအကြားမှာရှိတဲ့ ချောင်းကူးတံတားအနီးကို ကျရောက်ခဲ့တာဗျ။ လူထိခိုက်မှုတော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က ကနီမြို့နယ်၊ ဘုတလင်မြို့နယ်၊ ရေဦးမြို့နယ် အတွင်းက ကျေးရွာတွေဆီကို လေယာဉ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို ဗုံးကြဲတာတွေ ပြုခဲ့တာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကျေးရွာအတွင်း နေထိုင်နေကြရသလို နေရပ်စွန့်ခွာ နေထိုင်နေကြရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။