Home
မြန်မာသတင်း
ပခုက္ကူတွင် စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်၊ လက်နက်ကြီးကြောင့် ကောလင်းက စပါးခင်းများ ပျက်စီး
DVB
·
October 20, 2024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၁၇ ရက်က ကိုင်းကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို လုယူတဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ပြည်သူ ၄ ယောက်ကိုလည်း အကြောင်းမဲ့သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကိုင်းရွာသားတယောက်က “ရွာကို၀င်လာတဲ့ စစ်သားတွေက အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ဘာမှမဟုတ်ဘဲ ပစ်သတ်သွားတယ်။ ဆုံးသွားတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်က ကိုယ်၀န်ကြီးနဲ့ပါ။ သေသွား ၄ ယောက်က မိသားစု၀င်တွေတော့ မဟုတ်ကြပါဘူး။ အခုတော့ သင်္ဂြိုဟ်ပြီးပါပြီ။ ရွာထဲကပစ္စည်းတွေ လုသွားတာလည်း မနည်းမနောပဲဗျာ” လို့ DVB ကို ပြောပါတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အင်ပင်ကကျေးရွာအတွင်းမှာ အထိုင်ချတပ်စွဲနေတယ်လို့လည်း သိရပါတယ်။

Young Force - UG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတယောက်က “အင်အား ၇၀ နီးပါးလောက်ပါတဲ့ စစ်ကြောင်းက ပခုက္ကူနယ်ထဲက ကိုးပင်ရွာကို ၀င်စီးသွားပြီး ကိုင်းရွာကို ထပ်၀င်တာ။ အဲဒီရွာကနေ ထွက်လာတော့ ကျနော်တို့တပ်ပေါင်းစုတွေက လမ်းကနေ လက်နက်ကြီးတွေနဲ့ ဖြတ်တိုက်လိုက်တယ်။ ဒီကောင်တွေ အထိနာပြီး အခုတော့ အင်ပင်ရွာထဲမှာ တပ်စွဲပြီး ဒဏ်ရာရတဲ့ကောင်တွေကို ဆေးကုနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Young Force - UG၊ Cobra One ၊ BaNyein တပ်ဖွဲ့တို့နဲ့အတူ The Red Revolters တို့ ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး ကျေးရွာတွေကို စစ်တပ်က အောက်တိုဘာ ၁၉ ရက် နေ့လယ် ၂ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ စပါးစိုက်ခင်းတွေ၊ လျှပ်စစ်တိုင်တွေ ပျက်စီးခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံရွာသားတယောက်က “ပစ်တာက ဝန်းသိုမြို့ စစ်ကောင်စီခမရ (၁၁၁)(၁၂၀) တပ်ရင်းကနေ ဟောင်ဝှစ်ဇာနဲ့ ကောလင်း မြို့ ပတ်ချာလည်ကို ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်ဗျ။ အဲလိုပစ်ခတ်လို့ ကျနော်တို့ စပါးစိုက်ခင်းတွေထဲကျပြီး စပါးစိုက်ခင်းအများအပြား ပျက်စီးတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ဘူးအကို။ လျှပ်စစ်မီးတိုင်တွေလည်း ပျက်စီးတယ်” လို့ ပြောပါတယ်။

စစ်တပ်က အောက်တိုဘာ ၂၀ ရက် မနက် ၁၀ နာရီလောက်မှာလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကျရောက်ပေါက်ကွဲတဲ့ နေရာကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က “စစ်တပ်က ပြည့်သူ့စိုးမိုးနယ်မြေတွေက ပြည်သူတွေ ဒုက္ခဖြစ်အောင် ယုတ်မာနေတာပါ။ ပြည်သူတွေအနေနဲ့လည်း အသိသတိနဲ့ လုံခြုံရာမှာနေထိုင်ဖို့ ပြောချင်တယ်။ စစ်တပ်က စစ်ရှုံးနေပြီဆို ကမ်းကုန်အောင် ယုတ်မာလာတော့မယ်လို့ ဒေသတွင်းက ပြည်သူတွေကို အသိပေးလိုပါတယ်” လို့ ပြောပါတယ်။

ကောလင်မြို့နယ်အတွင်းကို စစ်တပ်က လေယာဉ်အပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား သေဆုံး ဒဏ်ရာရတာတွေ ရှိနေပြီး နေထိုင်ရတာ လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013