Home
မြန်မာသတင်း
ကနီမြို့နယ် ချောင်းမအရှေ့ရွာကို စစ်တပ်က ဗုံးကြဲ၊ ဘုတလင်တွင် အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ပြီး ဒေသခံ ၆ ဦးအား သတ်ဖြတ်
DVB
·
October 20, 2024

စစ်ကိုင်းတိုင်၊ ကနီမြို့နယ် ချောင်းမအရှေ့ရွာကို စစ်တပ်က အောက်တိုဘာ ၁၉ ရက် ည ၉ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၄ ယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

“ရုတ်တရက်ကြီး လာကြဲချသွားတာပါ။ ဘယ်နားကြဲချတာလဲဆိုတော့ ကျနော်တို့ ချောင်းမ-ယင်းမာပင် မြို့နယ်ချင်းဆက် လမ်းပိုင်အနီးရွာရဲ့တောင်ဘက် ပုဂ္ဂလိက ပျားမွေးမြူ ရေးအိမ်ဝန်းအနီးက ပဲစိမ်းငုံခင်းထဲကို ကြဲချတာ။ တောင်ရေ ၄၀၊ ၅၀ ပတ်လည်ရှိတဲ့ ပဲစိမ်းငုံအခင်းကတော့ အကုန်ပျက်စီးသွားတယ်ဗျ။ ထန်းပင်တွေ၊ ဇီးပင်တွေ၊ သရက်ပင်တွေလည်း အကုန်ပျက်ထွက်သွားတယ်။ ဗုံးကျတဲ့ နေရာအနီးက အိမ်တလုံးလည်း ပျက်စီးတယ်။ အိမ်အတွင်းထဲ အိပ်နေတဲ့ ၅ နှစ်ကလေးငယ်၊ ၈ နှစ်ကလေးငယ်အပါဝင် မိဘ ၂ ယောက်စလုံး ဒဏ်ရာရတယ်။ အဖေဖြစ်သူကတာ့ လက်ကျိုးသွားတာနဲ့ တူ‌‌တယ်။ ကျန်တဲ့ သား အမိ ၃ ယောက်ကတော့ မစိုးရိမ်ရဒဏ်ရာ ရရှိသွားတယ်လိုလို့ ချောင်းမအရှေ့ရွာက ပြည်သူတယောက်က ပြောပါတယ်။

စစ်တပ်က အခုလို ဗုံးကြဲချတာဟာ ကနီမြို့နယ်အတွင်းက စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာတခုကို ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ မြို့နယ်ဘက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကူသွားမယ်အထင်နဲ့ လာချတာလား မသိဘူးလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချောင်းမ အရှေ့ရွာက နေအိမ်ခေါင်မိုးတွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ချောင်းမရွာကို စစ်တပ်က မိတ္ထီလာမြို့ ရှမ်းတဲကနေ ဂျက်ဖိုက်တာနဲ့တက်လာပြီး ကျနော်တို့ ကနီတောင်ပိုင်းက ချောင်းမအရှေ့ရွာတောင်ဘက်ကို ပေါင် ၅၀၀ ဗုံးသီးတလုံး ကြဲချသွာတယ်ဆိုတဲ့သတင်းက အတည်ဖြစ်ပါတယ်ဗျ။ ဗုံးကြဲလို့ ကနီမြို့ပေါ်ကနေ ချောင်းမရွာဘက်ကို စစ်ဘေးလာ‌ရှောင်နေတဲ့ မိသားစု ၄ ဦးကတော့ ကျည်စထိမှန်တယ်။ ကျည်စထိမှန်တဲ့သူတွေအမည်ကတော့ ကိုလင်းလင်းဇော် ၃၉ နှစ်က လက်ထိခိုက်တယ်၊ မထားထားလှိုင် ၃၁ နှစ်က ဦးခေါင်း၊ ခါး ထိတယ်။ ကလေး ၂ ဦးကတော့ မစိုးရိမ်ရဒဏ်ရာရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က  ပြီးခဲ့တဲ့ ၂၀၂၃ ခုမေ ၁၇ ရက် နေ့လယ် ၂ နာရီခွဲကျော်ကလည်း တိုက်လေယာဉ် ၂ စီးနဲ့ ကနီမြို့နယ်၊ ချောင်းမအနောက်ရွာ စာသင်ကျောင်း ဗုံးကြဲချခဲ့တာကြောင့် အိမ်တွေ၊ အုတ်တံတိုင်းတွေနဲ့ စာသင်ကျောင်းဆောင်တဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကိုလည်း စစ်တပ်က အောက်တိုဘာ ၁၇ ရက်က ဝင်ရောက်ပြီး ရွာကိုမီးရှို့ကာ ပြည်သူ ၆ ဦးကို ရက်စက်စွာသတ်ဖြတ်သွားတယ်လို့ ဒေသခံ နာရေးကူညီမှု ပရဟိတသမားနဲ့ ဒေသတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်က စတင်ကာ ဘုတလင်မြို့က‌နေ တလိုင်းရွာ၊ စီပါရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်အင်အား ၁၂၀ ပါတဲ့ စစ်ကြောင်းဟာ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် ဒေသခံ အယောက် ၅၀ ကျော်ကို ဓားစာခံဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  ဆိုပါတယ်။

ဒေသခံ နာရေးကူညီမှု့အဖွဲ့ဝင်တယောက်က “ကျနော်တို့ လူမှု့ကူညီရေးအဖွဲ့အနေနဲ့ တော်လှန်ရေးအဖွဲ့များနဲ့အတူ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ခင်း ၉ နာရီအချိန်လောက်မှာ စစ်တပ်က စီပါရွာထဲကနေ စိုင်ပြင်လေးရွာဘက်ထွက်သွားပြီလို သိရတာနဲ့ စီပါရွာထဲ ရှင်းလင်းရေး ဝင်လုပ်တယ်ဗျ။ အဲဒီလိုရှင်းလင်းရေးဝင်လုပ်ကိုင်နေရင်း စစ်တပ်က ခေါင်းဖြတ်သတ်ထားခဲ့တဲ့ အလောင်း ၆ လောင်း တွေခဲ့ရတယ်။ ဖြတ်ပစ်ထားခဲ့တဲ့ ခေါင်း‌တွေကို ခြံစည်းရိုးမှာ တင်ထားခဲ့တယ်။ ခန္ဓာကိုယ်အပိုင်းအစတွေကတော့ မီးရှို့ထားတဲ့ အလောင်းတွေ တွေ့ရသလို ဝါးလုံးနဲ့ လျှိုထိုးပြီး သတ်ထားတဲ့ အလောင်းတွေလည်း တွေ့ရတယ်။ သေဆုံးအ  လောင်း ၃ လောင်းက စီပါရွာက အသက်ကြီးအပိုင်းထဲက အဘိုးအရွယ်  ၃ ဦးလို့ အတည်ပြုလို့ရတယ်ဗျ။ ကျန်တဲ့ ရုပ်အလောင်းတွေက ပုပ်ပွနေတော့ ဘယ်အရွယ်၊ ဘယ်သူ၊ ဘယ်ဝါဆိုတာတော့ အတည်ပြုလို့ မရသေးဘူးဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် စီပါရွာကို အောက်တိုဘာ ၁၇ ရက် မနက် ၈ နာရီလောက်စတင်ပြီး ည ၁၁ နာရီအထိ စစ်တပ်က မီးရှို့ခဲ့တာကြောင့် ပြည်သူနေအိမ် ၃၀၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဘုတလင်ကာကွယ်ရေး ခေါင်း ဆောင်တယောက်က  “ကျနော်တို့နဲ့က တိုက်ပွဲမဖြစ်ပါဘူး၊ သူတို့ရွာ မီးရှို့ချင်လို့ကို ရှို့သွားတာ။ အရင်အောက်တိုဘာ ၃၀ ရက်နေ့ကတော့ ဒီရွာအနီးမှာ စစ်တပ်စစ်ကြာင်းတကြောင်းလုံးကို ကျနော်တို့အဖွဲ့တွေက အနိုင်ယူတိုက်နိုင်ခဲ့တဲ့ တိုက်ပွဲဖြစ်တာတော့ရှိခဲ့တယ်။ အဲတိုက်ပွဲကလည်း ဒီစီပါရွာက ပြည်သူတွေ တိုက်တာမှမဟုတ်တာ၊ ကျနော်တို့ ဒေသအစုံက အဖွဲ့အစုံ တိုက်ခဲ့တာ၊ ဒီရွာနဲ့က ဘာမှမဆိုင်ဘူး။ စစ်တပ်ကတော့ မဆိုင်တဲ့အလုပ်နဲ့ အောက်တန်းကျတဲ့လုပ်ငန်းတွေ လုပ်သွားတာ” လို့ ပြောပါတယ်။

စစ်တပ်က အောက်တိုဘာ ၁၁ ရက်ကနေ ၁၉ ရက်အထိ ၉ ရက်အတွင်း ဘုတလင်မြို့အတွင်း ဗန္ဓုလရပ်ကွက်သစ်က ပြည်သူ ၆ ဦး၊ မြောက်ကျီရွာက ၇ ဦးနဲ့ စီပါရွာက ၆ ဦး စုစုပါင်း ပြည်သူ ၁၉ ဦးအထိ သတ်ဖြတ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတပ်မ ၃၃ က အထူးကွန်မန်ဒို၊ စစ်မှုထမ်းဟောင်း၊ ပျူစောထီး စတဲ့ အင်အား ၁၂၀ လောက်ပါတဲ့ အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

စစ်ကြောင်းထိုးတာကြောင့် မြောက်ကျီ၊ တလိုင်း၊ စီပါ၊‌ မြောက်တောကြီး၊ ရွာရှည်၊ ပဲပစ်တောအနောက်ရွာ၊ ပဲပစ်တောအရှေ့ရွာ၊ ကြို့ကုန်း၊ ဆိတ်သာကန်၊ ငပယင်း၊ မြင်သာ၊ နတ်ရွာ၊ အုပ်ဖို၊ ရှမ်တဲ၊ နှောယင်း၊ သပြေပင်၊ မြို့သချောင်း စတဲ့ ကျေးရွာတွေက ပြည်သူ သောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013