Home
မြန်မာသတင်း
မောင်တောတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ
DVB
·
October 21, 2024

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို အောက်တိုဘာ ၂၁ ရက် မနက် ၂ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ယောက် သေဆုံးပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ၁၃ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ မသီတာ၊ မအေးအေးအောင်၊ ဒေါ်လှလှအေး၊ ကိုနေဇော်ဦးနဲ့ ကိုမောင်မောင်သိန်းတို့ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက် အပါအဝင် ၁၃ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်တချို့နဲ့ ကားတွေလည်း လုံးဝ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မောင်တောဒေသခံတယောက်က “ဒီနေ့မနက် ၁ နာရီ ၄၄ လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာချတာ အားလုံးပေါင်း ၁၈ ယောက်မှာ ၅ ယောက် သေတယ်။ ၁၃ ယောက်လောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်။ ကိုယ်ဝန်ဆောင်လည်း ပါတယ်၊ ကလေး ၃ ယောက်နဲ့ မိခင်တယောက်လည်း ပါတယ်၊ လက်ရှိမှာ ဆေးကုသမှု ခံယူနေကြတယ် ” လို့ ပြောပါတယ်။

မောင်တောမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်လာနေတာ ဖြစ်ပါတယ်။

ဖားဝပ်ချောင်းကျေးရွာက ဒေသခံတွေဟာ လက်ရှိမှာ မိမိကျေးရွာမှာ မနေရဲကြတော့ဘဲ တခြားအနီးအနား‌ကျေးရွာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတယောက်က “စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်နေတာဟာ အလွန်တရာမှ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းကိုပဲ အဓိကထား အသုံးပြုပြီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တယ်၊ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

ဖားဝပ်ချောင်းကျေးရွာဟာ မောင်တောမြို့နဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတဲ့ ရွာလည်း ဖြစ်ပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024