Home
မြန်မာသတင်း
တနင်္သာရီနှင့် သံတွဲကို စစ်ကောင်စီ ဗုံးကြဲ
DVB
·
October 27, 2024
Photo - APM

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ရွာ ၂ ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ယောက် ဒဏ်ရာရပြီး ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာလည်း တရက်တည်း ဗုံး ၂ ကြိမ်ကြဲခဲ့လို့ ဘုန်းကြီး ၁ ပါး ဒဏ်ရာရပြီး အထက်တန်းကျောင်းပြိုကျခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က တနင်္သာရီမြို့နယ်၊ လယ်သစ်အရှေ့ကျေးရွာမှာ ဗုံးကြဲတိုက်ခိုက်ခံရပြီး  အသက် ၆၈ နှစ်အရွယ် ဦးတင်လှ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်နွယ်နဲ့ အသက် ၃၂ နှစ်အရွယ် ဒေါ်သီတာဝင်းတို့ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမတိုင်ခင် မနက် ၁၁ နာရီ‌အချိန်မှာ တကူတိုက်နယ်က သိန္ဓောကျေးရွာအုပ်စု၊ ဘန်းပြည့်ရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ဘန်းပြည့်ရွာမှာ ထိခိုက်မှုမရှိဘူး။ ဥယျာဉ်တွေထဲကျတယ်။ ဘန်းပြည့်ပြီးတာနဲ့ လယ်သစ်ကိုချတာပါ” လို့ပြောပါတယ်။

ဗုံးသီးထိမှန်ဒဏ်ရာရသူတွေကို  အနီးအနားရွာက ဆေးခန်းမှာပဲကုသပေးခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူတွေ များသလို ဗုံးသီးထိမှန်ပြီး သေဆုံးသူတွေလည်း အများအပြားရှိပါတယ်။

အခု အောက်တိုဘာလဒုတိယအပတ်အတွင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက်ခိုက်ခဲ့လို့ အသက် ၇ နစ်အရွယ်မိန်းကလေး ၁ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က ဒွါရာဝတီမြို့သစ်၊ ဆင်ခေါင်းရွာနဲ့ ခမောင်းတုန်းရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အောက်တိုဘာ ၂၅ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာက အထက်တန်းကျောင်း ပြိုကျခဲ့သလို ခမောင်းတုန်းကျေးရွာက ဘုန်းကြီးကျောင်းတကျောင်းလည်း ပြိုကျခဲ့ပြီး ကျောင်းထိုင်ဆရာတော်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“စစ်တပ်က သံတွဲမြို့ကို ရမ်းသန်းပြီး ဗုံးလိုက်ကြဲနေတာ။ အောက်တိုဘာ ၂၅ ရက်နေ့ကဆိုရင် တရက်တည်း ရွာနှစ်ရွာကို ဗုံးကြဲချသွားတာ။ ညနေ ၄ နာရီ ၂၅ မိနစ်လောက်က တခါ၊ ညနေ ၄ နာရီခွဲကတခါ လာကြဲသွားတာ။ ကျောင်းထိုင်ဆရာတော်လည်း ဗုံးစထိပြီး ဒဏ်ရာရတာပေါ့” လို့ ပြောပါတယ်။

အဲဒီလေကြောင်းဗုံးကြဲမှုကြောင့် ခမောင်းတုန်းကျေးရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ရဲ့ ဘယ်ဘက်လက်နဲ့ ခြေထောက်တွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် အသေးစိတ်အချက်အလက်ကိုတော့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အောက်တိုဘာ ၂၅ ရက် မနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ယောက် ဒဏ်ရာရပြီး သံတွဲမြို့က ကြံ့ခိုင်ရေးပါတီရုံးနဲ့ စစ်ကောင်စီ တပ်သားသစ် စုဆောင်းရေးရုံးတို့ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024