ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးနဲ့ စစ်ကောင်စီ တပ်သားသစ် စုဆောင်းရေးရုံးတို့ကို အောက်တိုဘာ ၂၅ ရက် ဒီမနက်အစောပိုင်း ၄ နာရီလောက်ကမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သံတွဲ မြို့ခံတယောက်က “မနက်က ၄ နာရီလောက်တကြိမ်၊ ၄ နာရီနဲ့ ၇ မိနစ်လောက်မှာ တကြိမ် ဗမာစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာ။ အပျက်အစီးတော့ တော်တော်များတယ်။ နောက် ရပ်ကွက်ထဲက ၁၄ နှစ်အရွယ် ကောင်လေးတယောက်လည်း ညာဘက်ပေါင်မှာ ဗုံးစထိမှန်ပြီး ဒဏ်ရာရသွားတာ”လို့ ပြောပါတယ်။
လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကြံ့ခိုင်ရေးရုံးပါတီရုံးနဲ့ စစ်သားစုဆောင်းရေးရုံး တို့ဟာ သံတွဲမြို့ အံတော်ရပ်ကွက် ဘောလုံးကွင်းအနီးမှာတည်ရှိပါတယ်။ အဲဒီနေရာအနားမှာ မနက်ခင်း ဈေးဖွင့်လှစ်ထားတာကြောင့် လူတွေ ဗုံးထိမှန် ထိခိုက်မှု ရှိ၊ မရှိကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစီးဟာ သံတွဲမြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ကလေးငယ်တွေ အပါအဝင် ၁၃ ယောက် သေဆုံးပြီး ၂၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတွေထံက သိရပါတယ်။