Home
မြန်မာသတင်း
ဖာပွန်ခရိုင်အတွင်း စစ်စခန်းများ ပိတ်ဆို့ခံထားရသဖြင့် စစ်တပ်က ရွာများကို ဗုံးကြဲတိုက်ခိုက်
DVB
·
October 23, 2024

ဖာပွန်(မူတြော်)ခရိုင်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ဖာပွန်ဗျူဟာနဲ့ ခေါပုတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် ကျေးရွာတွေအတွင်းကို စစ်ကောင်စီက ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်မြောက်ပိုင်း၊ တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီ တပ်စခန်းတွေက စစ်ရေးလှုပ်ရှားတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ဧပြီ ၂၄ ရက်တည်းက အကြီးဆုံးစခန်းတွေဖြစ်တဲ့ ဖာပွန်ဗျူဟာနဲ့ ခေါပုတ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီက ကျေးရွာတွေအတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဒေသခံပြည်သူတွေကို ရန်သူလို သတ်မှတ်ပြီး တိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေက တောက်လျှောက်ပဲ။ သူတို့ လေယာဉ်ပျံနဲ့ လာပစ်တာ အများအားဖြင့် ရွာမှာပဲသွားပစ်တယ်။ အဲရွာမှာ စစ်သားမရှိတဲ့ရွာ။ ရွာသားတွေ လုပ်ကိုင်စားသောက်တဲ့ ဥယျာဉ်ခြံတွေကို ပစ်တာများတယ်။ သူတို့က မရှောင်တော့ဘူး။ အကုန်လုံး ရန်သူလို့သတ်မှတ်ပြီး အကုန်လုံးပစ်တာပဲ။”

ဒါ့အပြင် အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီက ဝေဟင်ကနေ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာအတွင်းကို ဗုံး ၅၁ လုံး ကြဲချခဲ့တဲ့အပြင် မြေပြင်ကနေ လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ပါတယ်။

ဝေဟင်နဲ့ မြေပြင်ကနေ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၃ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် နေအိမ်တွေ၊ ဥယျာဉ်ခြံမြေနဲ့ လယ်ယာသီးနှံတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ကြာလေ ပိုဆိုးလာလေပဲလို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က “ခံစားရတာပေါ့။ သေသွားတဲ့အထဲ ကျနော်တို့ အမျိုးတွေလည်း ပါတယ်၊ စိတ်မကောင်းဘူး။ အခုသေတဲ့လူတွေလည်း ရပ်ကွက်က အသိမိတ်ဆွေတွေလည်း ပါတယ်။ ပြည်သူတွေကိုတော့ မလုပ်သင့်ဘူးပေါ့။ ပြည်သူတွေပဲဟာ။ ဘာမှရှိတာမဟုတ်ဘူး။ ဒုက္ခရောက်နေကြတဲ့သူတွေပဲ။ ပြောဖို့လည်း ဘယ်လိုမှကို ပြောမတတ်တော့ဘူး။ အခြေအနေတွေက ကြာလေ ပိုဆိုးလာလေပဲ” လို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၄၇ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်နေတာကြောင့် ဖာပွန်မြို့တွင်းနဲ့ အနီးအနား ကျေးရွာက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘားအံ၊ ကမမောင်း၊ မြိုင်ကြီးငူ၊ KNU ထိန်းချုပ်နယ်မြေအတွင်းနဲ့ နီးစပ်ရာဆွေမျိုးတွေရှိရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် နေထိုင်စားသောက်ရေး ခက်ခဲတာ၊ နေထိုင်မကောင်းတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013