Home
မြန်မာသတင်း
ကောလင်းတွင် စစ်တပ် ဗုံးကြဲသဖြင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရ
DVB
·
October 21, 2024
bomb3_21102024
bomb2_21102024
bomb1_21102024
bomb_21102024

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို အောက်တိုဘာ ၂၁ ရက် မနက် ၁၀ နာရီခွဲနဲ့ ၁၁ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံး ၅ လုံးကြဲခဲ့တာကြောင့် ရွာခံပြည်သူ ၃ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

ကောလင်းမြို့ကနေ သွားရောက်ကူညီဆောင်ရွက်ပေးနေသူတယောက်က “လေယာဥ်နဲ့ ဗုံး ၃ လုံးကို မိနစ်ပိုင်းလေးပဲခြားပြီး ကြဲသွားတာလို့ သိရတယ်။ ၃ ကြိမ်ကို ၆ လုံးကြဲသွားတာပါ။ မပေါက်ကွဲသေးတာ ၁ လုံးကျန်တယ်။ ၅ လုံးကွဲတယ်။ အမျိုးသား အမျိုးသမီး ရွာခံ ၃ ဦးသေတယ်။ ၁၀ ဦးထက်မနည်း ဒဏ်ရာတွေရကြတယ်။ အိမ်တွေလည်း မီးလောင်ပျက်စီးကုန်တယ်။ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်နေဆဲမို့ အရေအတွက် အတိအကျတော့ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဥက္ကံကျေးရွာရဲ့ ရွာလယ်ခေါင်တည့်တည့်ကို ဗုံးကြဲချသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေထဲက အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာလို့ သိရတယ်။ ဗုံးကြဲပြီး တန်းပြန်လှည့်သွားတာ။ ဥက္ကံရွာက ကောလင်းရဲ့ အနောက်ဘက် ၂၅ မိုင်လောက်ပဲ ဝေးတာပါ။ တိုက်ပွဲတွေ ဘာတွေ ဖြစ်တာမရှိပါဘူး။ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း အခုလိုပဲ ဗုံးကြဲခံလိုက်ရသေးတယ်။ ကောလင်းနယ်ထဲကို အခုလထဲမှာ စစ်တပ်က စစ်ကြောင်းထိုးတာ ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်လုပ်လာနေတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်တပ်သားတွေက ကောလင်းခရိုင်ကွပ်ကဲရေးရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး NUG ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013