ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဟူးကျေးရွာအုပ်စု၊ နမ့်ဟူး (ကိုကန့်ထာပါတော်) ရွာဘက်နဲ့ လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ MNDAA သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
နမ့်ဟူးကျေးရွာမှာ အောက်တိုဘာ ၂၀ ရက် မနက်အစောပိုင်း ၁ နာရီလောက်က စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နမ့်ဟူးကျောင်းအနီးရှိ လူနေရပ်ကွက်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုရှိတယ်လို့ MNDAA က သတင်းထုတ်ပါတယ်။
လေယာဉ်ဗုံးတလုံးက နှစ်ထပ်တိုက် ပထမထပ်နဲ့ ဒုတိယထပ်ရှိ လူနေအိပ်ခန်းကို တိုက်ရိုက် ကျရောက်ခဲ့ပေမဲ့ လူအိပ်နေတဲ့ခုတင်ကို မထိတာကြောင့် အိပ်ပျော်နေသူ အသက်အန္တရာယ် ကင်းခဲ့ပြီး အရပ်သားတယောက်ကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကာ နေအိမ်နဲ့ ကားအများအပြား ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတယောက်က “ကွမ်းလုံ နမ်ဟူးဘက်လည်း စစ်ကောင်စီက ဦးတည် ဗုံးကြဲ တိုက်ခိုက်လာတယ်။ အောက်တိုဘာ ၁၉ ရက်နေ့ ညသန်းခေါင်ကျော်က လာချသွားတာ” လို့ ပြောပါတယ်။
နမ်ဟူးဘုန်းကြီးကျောင်းနဲ့ ကပ်လျက် ၃ ထပ်အိမ်အိမ်ပေါ် ဗုံးတည့်တည့်ကျကာ ဘုန်းကြီးကျောင်းနဲ့ ဗုံးကျတဲ့ နေရာအနီးနားက နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
အောက်တိုဘာ ၁၉ ရက်ကလည်း လောက်ကိုင် 311 ဈေးဘက်ကို လေယာဉ်နဲ့ ဗုံးလာကြဲသွားပေမဲ့ လူအထိအခိုက် မသိရဘူးလို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။
တုံချိန် ကြာပန်းဝိုင်း အနီးဘက်ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက် မနက် ၂ နာရီလောက်က လေယာဥ် ၃ စီးနဲ့ ဗုံးလာကြဲသွားတာဖြစ်ပြီး လူအထိအခိုက်နဲ့ ပျက်စီးမှုအခြေအနေ အတိအကျ မသိရဘူးလို့ သူက ပြောပါတယ်။
လောက်ကိုင်မှာ အောက်တိုဘာ ၁၉ ရက်က စစ်ကောင်စီ လေကြောင်းနဲ့ တိုက်ခိုက် ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး MNDAA ဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီဘက်က လောက်ကိုင်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး တို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတာ ဖြစ်ပါတယ်။