Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ချပေးသည့် ရိက္ခာထုပ်များ PDF သိမ်းဆည်းရမိ
DVB
·
October 21, 2024
Photo - Eagle Wings Drone Force
Photo - Eagle Wings Drone Force

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ဇီးဖြူကုန်းပျူစောထီးကျေးရွာအတွက် အောက်တိုဘာ ၁၈ ရက် မနက် ၉ နာရီ၀န်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

Eagle Wings Drone Force ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “ဇီးဖြူကုန်းပျူရွာကို ကုန်းလမ်းကနေဘယ်လိုမှ ရိက္ခာပို့မရလို့ စစ်တပ်က Y8 အမျိုးအစားလေယာဥ်နဲ့ချပေးတဲ့ ရိက္ခာထုပ်တွေကို သိမ်းဆည်းရရှိခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ ဇီးဖြူကုန်းပျူစောထီးကျေးရွာကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၀ိုင်း၀န်းပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

ဇီးဖြူကုန်းပျူစောထီးကျေးရွာအတွက် စစ်ကောင်စီတပ်က လေကြောင်းကနေ ချပေးတဲ့ ရိက္ခာထုပ်တွေဟာ ပိုးထိုးနေတဲ့ဆန်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Eagle Wings Drone Force ရဲ့ တာ၀န်ခံတဦးက “စစ်တပ်ဘက်က ပျူစောထီးတွေအတွက် တာဝန်ကျေလုပ်ပေးတယ်။ စေတနာမပါဘူးဆိုတာ သိသာပေါ်လွင်တယ်။ ဆန်တွေက ပိုးထိုးပြီး လုံးဝကို ချက်စားလို့မရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က Y8 လေယာဥ်နဲ့ချပေးတဲ့ ရိက္ခာထုပ်တွေကို Eagle Wings Drone Force တပ်ဖွဲ့၀င်တွေနဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့တို့က သိမ်းဆည်းရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရိက္ခာထုပ်တွေချပေးတဲ့ နေရာနဲ့ အချိန်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကင်းထောက်ဒရုန်းနဲ့ထောက်လှမ်းစဉ် Jummer ထိတဲ့အတွက် ကင်းထောက် ဒရုန်းတွေ ပျက်စီးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာရှိတဲ့ ပျူစောထီးကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက ၀ိုင်း၀န်းပိတ်ဆို့ထားတဲ့အတွက် ကျေးရွာအတွင်းရိက္ခာ ပြတ်လပ်မှုကြောင့် ပျူစောထီးအများအပြားဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ၀င်ရောက်ခိုလှုံလာသူ အများအပြား ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013