ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဘလယ်ဒိုကျေးရွာမှာ တပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းရဲ့ ကာကင်းစခန်း ၃ ခုက စစ်ကောင်စီတပ်သားတွေဟာ အောက်တိုဘာ ၂၀ ရက် ဒီနေ့မနက်ပိုင်းလောက်က စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNU တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ပြောပါတယ်။
လေးကေ့ကော်မြို့သစ်အနီးက စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သေ့ဘောဘိုးစခန်းရဲ့ ကာကင်းစခန်း ၃ ခုက အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNLA ပူးပေါင်းစစ်ကြောင်းတွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှာကို စိုးရိမ်ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး စောနယ်ဒါးထူးက “မဆုတ်ရင်တိုက်မယ်လို့ မနေ့က အကြောင်းကြားလိုက်တယ်။ ဒီနေ့ဆုတ်သွားတယ် ဒီလောက်ပါပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ စခန်း ၂ ခုလုံးကို KNLA ပူးပေါင်းစစ်ကြောင်းတွေက သိမ်းပိုက်ရရှိထားတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းတွေက ထိုးစစ်ဆင်ဝင်ရောက်လာတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ Y-21 နဲ့ ဗုံးကြဲ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့ မနက်အစောပိုင်းကလည်း မြဝတီမြို့တောင်ဘက်၊ စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို လူ၊ လက်နက်ခဲယမ်း ဖြည့်တင်းမရအောင် ၇ လအကြာ ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ပြီးနောက် KNLA ကော်ဘရာစစ်ကြောင်း ၁၊ ကော်ဘရာစစ်ကြောင်း ၂ VENOM ပူးပေါင်းစစ်ကြောင်းတို့က အပြီးသတ် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။