မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ လင်းဇင်းရဲစခန်း အပါအ၀င် နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းဆီကနေ သိရပါတယ်။
မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာ၀န်ခံက “မနက် ၆ နာရီခွဲလောက်က စပြီးတော့ စကစ ကကောင်တွေ တပ်စွဲနေတဲ့ နေရာ ၃ ခုလုံးကို လက်နက်ကြီး လက်နက်ငယ်တွေ ဒရုန်းတွေနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တာပါ"လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်း ၃ ခုဟာ စလင်းမြို့နယ်အတွင်းက လင်းဇင်းနယ်မြေရဲစခန်း၊ ဆုတ်လေဦးလမ်းဆုံအနီးက တပ်ကင်းစခန်းနဲ့ သစ်ခေါက်တောင်ကျေးရွာ တပ်ကင်းစခန်းတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းရဲ့တာ၀န်ခံက “နေရာ ၃ ခုလုံးမှာ သေဆုံးဒဏ်ရာရတာတွေရှိတယ် ဆိုတာတော့ အကြမ်းဖျင်း သိထားရပါတယ်။ အတိအကျတော့ မသိရသေးပါဘူး။ မြေပြင်အဖွဲ့တွေက စုံစမ်းတုန်းပဲ ရှိပါသေးတယ်။ ဟိုဘက်က ပြန်ပစ်တာတွေ ရှိခဲ့ပေမဲ့လည်း ကျနော်တို့တပ်ဖွဲ့၀င်တွေ ဘေးကင်းကင်းနဲ့ ပြန်ဆုတ်လာနိုင်ခဲ့ကြပါတယ်”လို့ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ စလင်း ပကဖ၊ မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုံးအဖွဲ့နဲ့ ဒေါင်းညီနောင်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
လင်းဇင်းရွာခံတယောက်က “မနက်အစောကြီးမှာ ရဲစခန်းထဲက ပေါက်ကွဲသံတွေ ကြားပြီး ပစ်သံခတ်သံတွေလည်း ကြားရတယ်။ PDF တွေဘက်က လင်းဇင်းရဲစခန်းနားက လူတွေကို ရှောင်ပေးဖို့ စာထုတ်ထားပေမဲ့ ရွှေ့ဖို့ပြောင်းဆိုတာ အဆင်မပြေကြဘူးလေ။ PDF ဘက်က တကယ် တိုက်ပြီဆိုမှဘဲ မဖြစ်မနေ ပြေးကြရမှာပေါ့။ ရွာခံအများစုကတော့ အခုထိ မရွှေ့ကြသေးပါဘူး” လို့ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ စစ်ရေးအရှိန်မြှင့် ဖော်ဆောင်နေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ နီးနီးကပ်ကပ် မနေကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၇ ရက်မှာ မေတ္တာရပ်ခံထားတယ်လို့လည်း သိရပါတယ်။