Home
မြန်မာသတင်း
ပုလော တိုက်ပွဲ၌ စစ်ကောင်စီတပ်က အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များ သေဆုံး 
DVB
·
October 21, 2024
Photo - PDF မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က တိုက်ပွဲတွေမှာ  စစ်ကောင်စီဘက်က ကျဆုံးတပ်သားတွေထဲ အသစ်ဝင်လာတဲ့ တပ်သားသစ်လူငယ်တွေကို အများအပြားရှိနေပါတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီတပ်က အတင်းအဓမ္မ စုဆောင်းထားတဲ့ လူငယ်တွေကို ပုလောမြို့နယ်က တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်နေပြီး တိုက်ပွဲဝင်ခိုင်းနေတာဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်က စပြီး မြိတ်-ပုလော ပြည်ထောင်စုကားလမ်းပိုင်းရှိ မီးလောင်ချောင်းရွာနဲ့ ကြဲကျေးရွာကြားမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာ တပတ်လောက် ရှိနေပြီ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးတဲ့ တပ်သားအများအပြားရှိပြီးတော့ အဆိုပါ ကျဆုံးတဲ့ တပ်သားတွေထဲမှာ စစ်ကောင်စီရဲ့ လူသစ်စုဆောင်းထားတဲ့ တပ်သားတွေရဲ့ အလောင်းကို တွေ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ သိမ်းဆည်းရမိတဲ့ အလောင်းနဲ့ မှတ်ပုံတင်တွေမှာ အများအားဖြင့် ဧရာဝတီနဲ့ ရှမ်းတောင်က လူငယ်တွေ များတယ်။ သူတို့ကျောပိုးအိတ်တွေမှာတွေ့တဲ့ မှတ်ပုံတင်မှာ  ၂ဝဝဝ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ များတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန်တောင် မြေမြှုပ်မပေးခဲ့ကြဘူး။ ကျောပိုးအိတ်ထဲက လက်မောင်းတံဆိပ်တွေမှာလည်း ကမ်းရိုးတန်းစစ်ဌာနချုပ်က တံဆိပ်တွေကို တွေ့ရတယ်။  တိုက်ပွဲဝင်တဲ့ ရဲဘော်တွေ ပြောပြချက်အရ  သူတို့ဘက်က သေနတ်ထပစ်တဲ့အချိန်မှာ ဝပ်ပြီးပစ်တာမျိုးမဟုတ်ဘဲ မတ်တတ်ထရပ်ပြီး ပစ်နေတာမျိုး တွေ့ရတော့ ဆေးကြောင်နေတာလား၊ ဒါမှမဟုတ် အတွေ့အကြုံမရှိလို့ ဒီလိုပစ်တာလားဆိုပြီး ဝေခွဲမရဖြစ်‌နေကြတယ်။”

လက်ရှိ ပုလောတိုက်ပွဲမှာ စစ်ကောင်စီကရော တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကပါ အထိအခိုက် ကျဆုံးရှိနေပြီး စစ်ရေးပြင်းထန်နေတာကြောင့် မြေပြင်အခြေအနေနဲ့ နှစ်ဖက်ကျဆုံးသူ အရေအတွက်တွေကို အတိအကျ မသိရသေးပါဘူး။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက “လက်ရှိနှစ်ဖက်စလုံးက သူ့ဘက်က အားသာရင် ရှေ့တိုးလိုက်၊ ကိုယ့်ဘက်ကအားသာရင် ရှေ့တိုးလိုက်အနေ အထားမျိုးပဲ ဖြစ်နေတယ်။ တိတိကျကျ ပြောနိုင်တဲ့ အနေအထား‌မဟုတ်ဘူး၊ အဓိကတော့ ကြဲရွာကို အလယ်ထားပြီးတော့ နှစ်ဘက် နယ်မြေလုနေတဲ့အနေအထား ဖြစ်နေတာပေါ့”လို့ ပြောပါတယ်။

ဒါ့အပြင် မြိတ်-ပုလောကားလမ်းပေါ်နဲ့ မြို့ပေါ်ဒေသတချို့မှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေနဲ့ ကားတွေ အများအပြားရှိနေပြီးတော့ ကားပေါ်နဲ့ အိမ်တွေတချို့မှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြရတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း  မြိတ်ဘက်ကနေ စစ်ကားတွေနဲ့ အရပ်သားကားတွေပါ အသုံးပြုပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ ပုလောမြို့နယ်ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေသလို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေဘက်ကလည်း ပြန်လည်ခုခံနေတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024