Home
မြန်မာသတင်း
မြိတ်-ပုလောကားလမ်းတွင် တိုက်ပွဲကြောင့် အရပ်သားပြည်သူကားများ ရာချီပိတ်မိနေ
DVB
·
October 20, 2024

တနင်္သာရီတိုင်းထဲက မြိတ်-ပုလော ပြည်ထောင်စုကားလမ်းပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားပြည်သူကားတွေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ ခရီးသွားလာပြည်သူတွေဆီက သိရပါတယ်။

မြိတ်-ပုလောပြည်ထောင်စုကားလမ်းပိုင်းက ကြဲကျေးရွာဘက်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး  တိုက်ပွဲကြောင့် ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ရာနဲ့ချီပြီးတော့ သွားလာလို့မရတော့ပဲ ပိတ်မိနေတာ အခုဆိုရင် ၅ ရက်ခန့်ရှိပြီးဖြစ်တယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။ 

“ကားတွေက ရာချီပြီးပိတ်နေတာပါ။ လမ်းကပိတ်နေတော့ မြိတ်ကိုလည်း ပြန်သွားလို့မရဘူး။ ပုလောမြို့ပေါ် နဲ့ ပလမြို့မှာရော၊ လမ်းတဝက်မှာပါ ကားတွေ ရှေ့တိုးလည်းမရဘူး၊ နောက်ဆုတ်လည်း မရဘူးဖြစ်နေတယ်။” 

မြိတ်-ပုလောပြည်ထောင်စုကားလမ်းပိုင်းက မီးလောင်ချောင်းနဲ့ ကြဲကျေးရွာကြားမှာ အောက်တိုဘာ ၁၄ ရက် ညနေကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကားမောင်းသမားတယောက်က “ပုလောကနေ မြိတ်တလျှောက်လုံး သွားလို့ အဆင်မပြေဘူးဗျာ၊ ပိတ်နေတုန်းဗျာ။ အခုထိ လမ်းမှာပဲ၊ အိမ်ပြန်မရောက်သေးဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ မှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို ထိုးစစ်ဆင်း တိုက်ခိုက်တာတွေလည်း လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “အခုလည်း ပလဘက်ကို အင်အား ၅ဝ လောက် ရောက်နေတယ်၊ သဲပုံရွာဘက်ကလည်း ထပ်တက်လာနတယ်၊ တိုက်ပွဲက ပိုပြင်းထန်လာဖို့ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီလောက်ကလည်း ကြဲတံတားအနီးမှာ ပိတ်မိနေတဲ့ ကုန်ကားတစီးက ယာဥ်မောင်းတဦး အပေါ့သွားရင်းနဲ့ ထောင်ထားတဲ့ မိုင်းတလုံးကို နင်းမိပြီး ပေါက်ကွဲတာကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး မြိတ်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ မြိတ်-ပုလော ပြည်ထောင်စုကားလမ်းပိုင်းကို အရပ်သားပြည်သူတွေ အသုံးပြုသွားလာတာမျိုး မလုပ်ကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါသေးတယ်။

အခုနှစ် မေလတုန်းကလည်း မြိတ်-ထားဝယ် ကားလမ်းပိုင်းမှာရှိတဲ့ သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်က ရွာတွေဘက်မှာ ထိတွေ့တိုက်ပွဲရက်ရှည်ဖြစ်ပွားခဲ့ပြီးတော့ ခရီးသည်ကား၊ ကုန်ကားတွေ ပိတ်မိခဲ့ကာ ကားပေါ်ပါလာတဲ့ ကြာရှည်မခံတဲ့ ကုန်စိမ်းပစ္စည်းတွေ ပုပ်သိုးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013