Home
မြန်မာသတင်း
ပုသိမ်တွင် ဘုရားဆီမီးပူဇော်ပြီး ပြန်လာသည့် လူငယ် ၅ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
October 21, 2024
Photo - MV

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့မှာ သီတင်းကျွတ် ဘုရားဆီမီး ပူဇော်ပြီး ပြန်လာတဲ့ လူငယ် ၅ ယောက်ကို စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်က သမိုင်းဝင် ရွှေမုဌောစေတီမှာ သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၁၇ ရက်က ဆီမီးပူဇော်ပြီး ပြန်လာတဲ့ ဒေသခံ လူငယ် ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၁ ရက်အထိ ပြန်မလွှတ်သေးဘဲ အဆက်အသွယ်မရဖြစ် နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့  ပုသိမ်မြို့ခံ အမျိုးသမီးတယောက်က “ထွန်းထွန်းဆိုတဲ့ ကောင်လေးအပါအဝင် ၅ ယောက် အဖမ်းခံရတာ။ ယောကျ်ားလေးတွေချည်းပဲ။ ပုသိမ်မြို့ပေါ် က ၃ ယောက်နဲ့ ရှောပြား ရွာဘက်က ၂ ယောက်ပါ။ ဒီနေ့အထိ ပြန်မလွှတ်လာသေးဘူး၊ မိသားစုတွေနဲ့လည်း အဆက်အသွယ်မရဘူး စိတ်ပူတာပေါ့။ သူတို့က စစ်မှုထမ်းဖို့ အတင်းထည့်နေလို့လေ။ လူငယ်တွေကို ရိုက်နှက်ဖမ်းသွားတာ လပြည့်နေ့ ညကြီးပါ” လို့ ပြောပါတယ်။

စစ်ကောင်စီ ပုသိမ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က “အမှောင်ထဲမှာတွေ့လို့ ဖမ်းသွားတာလို့ သိတယ်။ လူငယ်တွေက ကင်းလှည့်လာတာတွေ့လို့ ရှောင်တာပေ့ါ။ အဲဒါကို စစ်ကောင်စီ ရဲတွေက မသင်္ကာဖြစ်ပြီး ဖမ်းတာ။ ၅ ယောက်လုံးကို ကြိုးတွေနဲ့ တုပ်ခေါ်သွားတာ။ ပထမတော့ ရဲစခန်းမှာပဲ၊ အခုတော့ ဘယ်မှာထားတယ်ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ လူငယ် ၅ ယောက်ရဲ့ မိသားစုတွေက ပုသိမ်ရဲစခန်းမှာ သွားရောက် စုံစမ်းပေမဲ့ ရဲစခန်းတာဝန်ကျ လုံခြုံရေးရဲတွေက မသိဘူး၊ ပြောမရကြောင်း ငြင်းလွှတ်တယ်လို့ သိရပါတယ်။

ပုသိမ်မှာ စစ်ကောင်စီတပ်က သီတင်းကျွတ်လပြည့်နေ့ည ပါမကျန် ကင်းလှည့် စစ်ဆေးဖမ်းဆီးနေတာဖြစ်ပြီး လူငယ်အမျိုးသားတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးတာလို့ ပုသိမ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေကို သီတင်းကျွတ်ပိတ်ရက် အပန်းဖြေလာတဲ့ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က PDF ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ ချောင်းသာ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013