ကိုးကန့်တပ် MNDAA နဲ့ ပူးပါင်းတပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီလေတပ်က အောက်တိုဘာ ၂၁ ရက် ညသန်းခေါင်ကျော်မှာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “အိမ် ၆ လုံး ထိတယ်ဗျ။ ပြည်သူထိခိုက်မှုက မရှိဘူးဗျ။ ရပ်ကွက် ၁၂ မန်ဆူဘုရားအနီး” လို့ ပြောပါတယ်။
လေယာဉ်ဗုံးက လားရှိုး မန်ဆူဘုရား မရောက်ခင် ရှမ်းတောင်တန်းလမ်းကြားက အဆောက်အအုံ တွေပေါ် ကျရောက်ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် MNDAA ရဲ့ မြို့စောင့်တပ်ဖွဲ့ဝင်တချို့ ကျဆုံးပြီး ထိခိုက်ဒဏ်ရာရမှု ရှိတယ်လို့ ကြားရကာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် MNDAA နယ်မြေခံတပ်ဖွဲ့ဝင်တွေ လာရောက် ရှင်းလင်းသွားတယ်လို့ ဒေသခံကပြောပါတယ်။
လားရှိုးမြို့ကို အောက်တိုဘာ ၂၂ ရက် မနက် ၀၀ နာရီ ၁၈ မိနစ်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ မန်ဆူဘုရားအနီးရှိ ရပ်ကွက် ၁၂ လူနေရပ်ကွက်မှာ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လေယာဉ်ဗုံး ကျရောက် ပေါက်ကွဲရာ နေရာအနီး တဝိုက်ရှိ လူနေအိမ် အများအပြားလည်း ပြင်းထန်စွာ ပျက်စီး ပြိုကျသွားကြာင်း MNDAA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်မှာလည်း စစ်ကောင်စီက MNDAA ထိန်းချုပ်ရာ လောက်ကိုင်နဲ့ ကွမ်းလုံမြို့နယ်၊ နမ်ဟူးရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ၃ လကျော်ကာလအတွင်း လောက်ကိုင်၊ သိန္နီ၊ လားရှိုးတွေဘက် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူနဲ့ သေဆုံးသူ အရပ်သား ၁၀၀ ကျော်ရှိပြီလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA ဘက်က သိမ်းပိုက် ထိန်းချုပ်ပြီးနောက် ဩဂုတ် ၃၀ ရက်ကစတင်ကာ စစ်ကောင်စီက လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲ တိုက်ခိုက်လာနေတာပါ။
စစ်ကောင်စီတပ်ရဲ့ ခပ်စိတ်စိတ်ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် MNDAA က လားရှိုးမှာ ဖုန်းလိုင်း တွေ ဖြတ်တောက်ထားတဲ့အပြင် အခမဲ့ ပေးသုံးထားတဲ့ Star link အင်တာနက်ဝိုင်ဖိုင် တွေကိုလည်း ပြန်သိမ်းထားပါတယ်။