ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို အောက်တိုဘာ ၁၉ ရက် ဒီမနက်အစောပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ယောက်အပါအဝင် ၃ ယောက်သေဆုံးပြီး အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ နောင်ချိုမြို့ကို ဒီမနက် ၅ နာရီကျော်မှာ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ၂ ကြိမ်လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
မနက် ၅ နာရီကျော်မှာ ကြဲတဲ့ ဗုံးတလုံးဟာ တောင်ရပ်ကွက်က ဦးကျော်ရဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး ဦးကျော်၊ သူ့ရဲ့ သမီး ၂ ယောက်ဖြစ်တဲ့ မကျော်စုဝေနဲ့ မခင်နဒီကျော်တို့ သေဆုံးခဲ့ရတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၅ နာရီခွဲလောက်မှာ နောက်တကြိမ် ဗုံးကြဲရာမှာတော့ ဦးပြားရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဦးပြားနဲ့ သူ့ဇနီးအပါအဝင် ၃ ယောက် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ သီတင်းကျွတ်လပြည့်ညကလည်း နောင်ချိုမြို့ထဲကို လေကြောင်းကနေ ၅ ကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး ဒေသခံပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၃ နာရီလောက်ကလည်း လောက်ကိုင်မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတော့ မရှိဘူးလို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။