Home
ဆောင်းပါး
ဗုံးကြဲပြီး ငြိမ်းချမ်းရေး လိုချင်တဲ့ စစ်တပ်
DVB
·
October 17, 2024

၂၀၂၄ ခုနစ် ဩဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ် (MNDAA) က  အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နဲ့ အရာရှိ၊ စစ်သည် ၄,၀၀၀ ကျော် MNDAA ဆီမှာ လက်နက်ချအညံ့ခဲ့တဲ့အတွက် ကမ္ဘာ့အဆင့် ၃၅ ရှိတဲ့ စစ်တပ်အနေနဲ့ ပြည်တွင်း၊ ပြည်ပမှာ အရှက်ရခဲ့ပြီး တပ်တွင်းစည်းလုံးမှု ပြိုကွဲခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရခိုင်နဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်အခြေစိုက်ထားတဲ့ မြို့ရွာတွေ ဆုံးရှုံးခဲ့ရပါတယ်။

မြိုရွာတွေ ဆုံးရှုံးတာအပြင် စစ်ကောင်စီက အားထားရပါတယ်ဆိုတဲ့ ခြေလျင်၊ ခြေမြန်တပ်တွေနဲ့ တိုက်ခိုက်ရေးတပ်မတွေက ရှေတန်းစစ်မြေပြင်မှာ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေကြောင့် မြေပြင်ထက် ဝေဟင်ကသာ ချေမှုန်းမှသာရမယ်ဆိုတဲ့ အတွေးကို စစ်တပ်အကြီးပိုင်းက တွေးလာကြပါတယ်။

လက်လွှတ်ထားရတဲ့ မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေ ပြန်ရရေးအတွက် စစ်ခေါင်းဆောင်က စစ်ရေးမှာ အရေးပါတဲ့ ဗိုလ်ချုပ်ကြီးတွေကို ခေါ်ကာ သြဂုတ်လ ၂၃ မှ စက်တင်ဘာလ ၅ ရက်အထိ ရှမ်းတောင်၊ လွိုင်ကော်၊ တောင်ငူ၊ မန္တလေးနဲ့ ရန်ကုန်က တိုင်းစစ်ဌာနချုပ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ၁၄ ရက်တာခရီးစဥ်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြီး လေကြောင်းကနေ ထိုးစစ်ဆင်ဖို့ ရန်နိုင်မင်းစစ်ဆင်ရေးကို ဖွဲ့စည်းခဲ့ပါတယ်။

ဒကစ လွိုင်ကော်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က “စက်တင်ဘာလ ၄ ရက်က ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (လွိုင်ကော်) မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ညှိကွပ်၊ ရေ(ချုပ်)၊ လေ(ချုပ်)၊ စရဖ(ချုပ်)၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ တွေ့ဆုံကာ  ရန်နိုင်မင်းစစ်ဆင်ရေးကို ဖွဲ့စည်းခဲ့တာပါ။

ဗုံးကြဲပြီး ငြိမ်းချမ်းရေးလိုချင်တဲ့ စစ်တပ် ၂

လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်ရဖို့ လေကြောင်းကနေတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့တဲ့ စစ်ခေါင်းဆောင်က စက်တင်ဘာလ ၉ ရက်မှာ နိုင်ငံပိုင် သတင်းစာကနေ သိမ်းဆည်းခံရတဲ့ မြို့ရွာက ပြည်သူတွေကို ရှောင်ခိုင်းခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး စက်တင်ဘာလ ၂ ရက်က လေတပ်စခန်းအချို့ကို တန်းပြည့်စစ်မှုထမ်းဖို့ ကက(ကြည်း) ရုံးက ညွှန်ကြားခဲ့ပါတယ်။

ဒီလို လေကြောင်းကနေ ပစ်ခတ်ရာမှာ စစ်ဦးစီးအရာချုပ် (လေ) က ဦးစီးပြီး အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း စတဲ့ လေတပ်ကွပ်ကဲမှုဌာနချုပ်က ဦးဆောင်ကာ လေတပ်စခန်းမှူး ၉ ဦးက ပစ်မှတ်တွေကို ညွှန်ကြားတာလို့ မင်္ဂလာဒုံလေတပ်စခန်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

အရင်က လေကြောင်းကနေ ပစ်ခတ်ဖို့ဆိုရင် တိုင်းမှူးက အကူအညီတောင်းရပြီး လက်ရှိ စစ်ရေးမှာ ကစထမှူးများက ဦးဆောင်နေတာကြောင့် အချိန်မရွေး လေကြောင်းကနေ ပစ်ခတ်မှု ပိုအားကောင်းသွားတယ်လို့ သူကပြောပါတယ်။

စစ်ခေါင်းဆောင်က မြေပြင်မှာ လက်ရှိ တိုက်ပွဲဝင်နေတဲ့ ခြေလျင်၊ ခြေမြန်၊ တပ်မတွေထက် လေတပ်ကို ဦးစားပေးမှုများရှိလို့ စစ်တပ်အတွင်း ပွတ်တိုက်မှုများရှိတယ်လို့ တိုက်ပွဲမှာ ဒဏ်ရာရပြီး အငြိမ်းစားယူလိုက်ရတဲ့ သတင်းအရင်းအမြစ်က ပြောပြပါတယ်။

“မြေပြင်မှာ တိုက်ပွဲဖြစ်လို့ လေကြောင်းကနေ အကူအညီတောင်းရင် မြေပြင်မှာ ကိုယ့်လူတွေ အကုန်သေပြီး မြို့သိမ်းပြီးမှ ဗုံးလာကြဲတာ။ လာကြဲရင်လည်း ရန်သူကိုထိတာထက် ပြည်သူတွေထိတာ များတယ်။ ဒါကြောင့် ကြည်းတပ်နဲ့ လေတပ်က အမြင်မကြည်လင်မှု ရှိတယ်။”

ဗုံးကြဲပြီး ငြိမ်းချမ်းရေးလိုချင်တဲ့ စစ်တပ် ၃

စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်မှ အောက်တိုဘာလ ၁၀ ရက်အတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေနဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

ဗုံးကြဲခဲ့တဲ့ မြို့တွေက ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ ထိန်းချုပ်ထားတဲ့ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ လားရှိုး၊ မိုင်းရယ်မြို့နဲ့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ တောင်ကုတ်၊ မောင်တော၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့တွေပါ။ ဒါ့အပြင် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ဘုတလင်နဲ့ ဒီပဲယင်းမြို့တွေကို လေတပ်က ဗုံးကြဲခဲ့ပါတယ်။

လက်လွှတ်ထားရတဲ့မြို့တွေနဲ့ PDF စိုးမိုးနယ်မြေကို တိုက်ပွဲမရှိဘဲ ဗုံးကြဲရတဲ့ လေချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်မှာလည်း ဖိအားတွေရှိနေပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်စစ်ဆင်ရေး ကိစ္စတွေမှာ ဦးဆောင်မှု ညံ့ဖျင်းတာကြောင့် ရေချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ ဒုဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်တို့ကို ရှေ့ဆင့်နောက်ဆင့် အနားပေးလိုက်တဲ့ သာဓကကြောင့်ပါ။

လေချုပ်ကိုယ်တိုင်  ရှမ်းမြောက်၊ ရှမ်းတောင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တို့ကို တိုက်ပွဲမရှိလည်း ရန်သူသတင်းရရင် အချိန်မရွေးဗုံးကြဲဖို့ ညွှန်ကြားရတဲ့အထိ အနေအထားပါ။ တိုက်ပွဲမရှိဘဲ လေကြောင်းကနေ စစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းတွေ၊ မြို့ရွာ ဆက်တိုက် ဗုံးကြဲလို့ ပြည်သူတွေ သေဆုံးမှုများလာတဲ့အခါ စစ်ခေါင်းဆောင်က နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေ လက်နက်ကိုင်တော်လှန်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ စက်တင်ဘာလ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ဗုံးကြဲပြီး ငြိမ်းချမ်းရေးလိုချင်တဲ့ စစ်တပ် ၄

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကို လက်နက်စွန့်ခိုင်းပေမဲ့ စစ်ကောင်စီတပ်ကတော့ စစ်လေယာဥ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အလွန်အမင်း ဖြည့်တင်းနေတာကလည်း စိုးရိမ်စရာပါ။ တဖက်မှာ စစ်ကောင်စီက စစ်မှုထမ်း၊ ပြည်သူ့စစ်၊ ပလစ၊ UTC နဲ့ ခြေလျင်ခြေမြန်တပ်သားတွေကို လစဥ် သောင်းချီစုဆောင်းနေပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စိတ်နဲ့ မြို့ရွာတွေကို ဖျက်ဆီးပြီး လူတွေသေအောင် ဗုံးကြဲနေတာဟာ ငြိမ်းချမ်းရေးအတွက် ဖိအားပေးသလို ငါတို့မအုပ်ချုပ်ရရင် မင်းတို့လည်း မနေစေရဘူးဆိုတဲ့ စိတ်ထားမျိုးနဲ့ လုပ်တာဖြစ်ကြောင်း နိုင်ငံရေးသမားတဦးက သုံးသပ်ပါတယ်။

“တပ်က အခုလို အောက်တန်းကျတဲစိတ်နဲ့ ဗုံးကြဲနေသရွေ့ ဆွေးနွေးညှိနှိုင်းရေး ဖြစ်မလာတဲ့အပြင် ပဋိပက္ခ ပိုကြီးထွားပြီး ပြည်သူတွေ ဒုက္ခရောက်မှာပဲရှိတယ်။ ငြိမ်းချမ်းရေးဆိုတာ ဗုံးကြဲပြီး ဖြေရှင်းလို့ရတာ မဟုတ်ဘူး။”

မြင့်မြတ်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024