စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ခပေါင်းကြိုင်ရွာနဲ့ ကုန်းရိုးရွာကို စစ်တပ်က အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက် ညနဲ့ မနက်ပိုင်းတွေမှာ ဒရုန်းယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်သွားလို့ ဘုန်းကြီးကျောင်းနဲ့ ဆေးခန်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခပေါင်းကြိုင်ရွာနဲ့ ကုန်းရိုးရွာကို ဒရုန်းနဲ့ လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့ပေါ်ကအဖွဲ့ ဖြစ်တယ်လို့လည်း ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
ခပေါင်းကြိုင်ရွာသားတယောက်က “ကျနော်တို့ ခပေါင်းကြိုင်ရွာကိုတော့ အောက်တိုဘာ ၁၅ ရက် ညပိုင်း ၁၁ နာရီမှာ တကြိမ် လာချသွားတယ်။ အောက်တိုဘာ ၁၆ ရက် မနက်ခင်းအစောပိုင်း ၂ နာရီမှာ တကြိမ် ထပ်ချတယ်။ ကျနော်တို့ရွာက ဆေးပေးခန်းနဲ့ ဘုန်းကြီးကျောင်း စတဲ့နေရာတွေ ချသွားတယ်။ ပြည်သူ ၂ ဦး ထိခိုက်တယ်ဗျ။ ဆေးခန်းလည်း ပျက်စီးသွားပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးတယ်။ ကျနော်တို့ရွာကို ဗုံးချပြီးတော့ ကုန်းရိုးရွာကို ထပ်ချတယ်။ ကုန်းရိုရွာက ကျေးလက်ဆေးပေးခန်းကို ၈၀ မမ ဗုံးသီးတလုံး၊ လက်လုပ် ၂ လုံးချတယ်။ ပြည်သူတယောက် ထိခိုက်တယ်ဗျ။ ဆေးခန်းလည်း ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။
ခပေါင်းကြိုင်ရွာဟာ အိမ်ခြေ ၄၀၀ ရှိပြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းရဲ့ ဇာတိရွာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တန့်ဆည်မြို့နယ် ABSDF တပ်မတော် တာဝန်ရှိသူတယောက်က “မြေပြင်စစ်ကြာင်းလည်း မရှိ၊ တိုက်ပွဲလည်းမရှိဘဲ ဒရုန်းနဲ့ လာကြဲချတာ။ ဒရုန်းက တခါလာချရင် ၈၀ မမ တလုံး၊ လက်လုပ်ဗုံး ၂ လုံး၊ စုစုပေါင်း ၃ လုံး လာချတယ်။ ဘာသတင်းရတာလဲတော့ မသိဘူး။ စစ်တပ်က စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဆေးခန်း စတဲ့နေရာတွေကိုပဲ ဗုံးကြဲနေတာ။ ပြည်သူတွေအနေနဲ့ အသိ၊ သတိနဲ့ နေကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ဗုံးကြဲတဲ့ ကုန်းရိုးကျေးရွာဟာလည်း အိမ်ခြေ ၃၀၀ ရှိတယ်လို့လည်း သိရပါတယ်။
ဒေသခံတွေကတော့ စစ်တပ်ရဲ့ ညဘက်တွေမှာ ဗုံးကြဲနေတာကြောင့် ရွာအတွင်း ညမအိပ်ကြဘဲ ဘေးလွတ်ရာကို ထွက်ပြေး ညအိပ်နေကြရတယ်လို့ သိရပါတယ်။