ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို အောက်တိုဘာ ၁၇ ရက် ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ မင်းတပ်မြို့နယ် တိုက်နယ် ၄ ထဲက နေရာ ၂ ခုဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ညက ၉ နာရီလောက် လေယာဥ်သံတွေ အဆက်မပြတ်ကြားရပြီး ဗုံး ၂ လုံးပေါက်ကွဲတဲ့အသံသဲ့သဲ့ ကြားလိုက်ရတယ်။”
မင်းတပ် CDF ပြန်ကြားရေးတာဝန်ခံတယောက်က “သီတင်းကျွတ်လပြည့်နေ့ ည ၉ နာရီလောက်မှာ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၄ နယ်မြေထဲကို လေယာဥ် ၃ စီးနဲ့ ပေါင် ၅၀၀ ဗုံးတွေအပြင် တခြားဗုံးအသေး ၁၀ လုံးထက်မနည်း ကြဲသွားတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးတာရှိပေမဲ့ ဖုန်းလိုင်းတွေမရလို့ အတိအကျ ပြောလို့မရသေးဘူး။ ကျနော်တို့အဖွဲ့တွေတော့ ဗုံးကြဲခံရတဲ့နေရာကို သွားကြပါပြီ။ သူတို့ပြန်ရောက်မှပဲ အတိအကျ သိရမှာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း မင်းတပ်မြို့ပေါ်နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ အခု အောက်တိုဘာလအတွင်း လေကြောင်းကနေ တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
မင်းတပ်မြို့နယ်အတွင်းမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေသလို စစ်ကောင်စီတပ်ကလည်း မင်းတပ်မြို့နယ်ထဲကို လက်နက်ကြီးတွေ အပါအဝင် လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးရတာတွေ ရှိခဲ့ပြီး ပြည်သူအများစုဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်ကို လေကြောင်းကနေ ဩဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၃၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ချင်းဒေသကာကွယ်ရေးတပ် (CDF မင်းတပ်) ဆီကနေ သိရပါတယ်။