ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်ညနဲ့ အောက်တိုဘာ ၁၈ ရက် မနက်အစောပိုင်းတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးထပ်ကြဲလို့ အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “စုစုပေါင်း ခန့်မှန်း ၇ လုံးပေါ့။ အဆောက်အအုံ တော်တော်များများတော့ ပျက်စီးတယ်။ ကံကောင်းချင်တော့ အဲဒီမှာ လူမနေဘူး”လို့ ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက် ည ၉ နာရီ ၄၈ မိနစ်မှာ တလုံး၊ ၁၀ နာရီကျော်မှာ တလုံး၊ ည ၁၁ နာရီမှာ တလုံး၊ ဒီနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၁ နာရီမှာ နှစ်လုံး နှစ်ခါကြဲသွားတယ်လို့ သူက ပြောပါတယ်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေတော့ ထိခိုက်မှုမရှိပေမဲ့ နေအိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးတယ်လို့ သူက ပြောပါတယ်။
“ဗုံးကြဲတဲ့ အနီးနားတဝိုက်က အိမ်တွေမှာ လက်နက်ကြီး အစမှန်တယ်။ အိမ်တွေမှာ အိမ်တံခါး ပေါက်သွားတာတွေ၊ ဝန်းတံခါး ပိန့်ထွက်သွားတာတွေပေါ့နော်။ ခပ်လှမ်းလှမ်းက အိမ်တွေတောင်မှ မှန်တွေကွဲတဲ့အထိ ဖြစ်တယ်။ အိမ်တံခါး၊ ဝန်းတံခါးတွေ ပွင့်ထွက်သွားတာ အထိဖြစ်တယ်။”
ရဲစခန်းနားက ထမင်းဆိုင်၊ စာရင်းစစ်ရုံးနဲ့ မြို့ပြင်အထွက် စစ်ဆေးရေးဂိတ်နားတွေမှာ ကျတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု၊ ပျက်စီးမှုတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
နောင်ချိုမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့မြို့ဖြစ်တာကြောင့် စစ်တပ်က မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။