Home
မြန်မာသတင်း
ပင်လောင်းဒေသခံအမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ကြိုးတုပ်ပြီး အဓမ္မပြုကျင့် 
DVB
·
October 28, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်ဝိုးချောင်းချားရွာ (ဒုံခြောင်ခါး)နေ အသက် ၅၆ အရွယ်အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်သား ၂ ယောက်က  ကြိုးတုပ်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်က အဆိုပါအမျိုးသမီး ပြောင်းခြံထဲရှိနေစဉ် စစ်ကောင်စီတပ်သား ၂ ယောက်က  ရောက်လာပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

"ခုက အသက်ကြီးတဲ့သူတောင် ဒီလိုလုပ်တာ အသက်ငယ်တဲ့ အမျိုးသမီးအတွက်ဆို ဘယ်လောက်တောင် စိုးရိမ်စရာကောင်းလဲ။ ကြိုးတုပ်ပြီးတော့ လူမဆန်တဲ့ လုပ်ရပ်လုပ်သွားတာ အရမ်းယုတ်မာတာ။”

အဓမ္မပြုကျင့်ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ နောင်ဝိုးတောင်ပေါ် ပြန်လည်တက်သွားခဲ့တယ်လို့ ပြောပါတယ်။

ပအိုဝ်းဒေသ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတယောက်က “အခုလိုကိစ္စက လုံးဝ မဖြစ်သင့်ဘူး မဖြစ်ထိုက်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ မငြိမ်းချမ်းတဲ့နေရာဒေသမှာ အမျိုးသမီးတွေကို လက်နက်သဖွယ် အသုံးပြုနေတာ ရပ်သင့်နေပြီ။ အဓိက အခုလို အခြေအနေမှာ အမျိုးသမီးအတွက် လုံးဝလုံခြုံမှုမရှိဘူး။ ကာကွယ်ပေးမယ့် ဥပဒေမရှိဘူး။ ဒီလိုကိစ္စတော့ ကျမအနေနဲ့ လုံးဝ ရှုတ်ချတယ်” လို့ ပြောပါတယ်။

နောင်ဝိုးရွာမှာ ကရင်နီတော်လှန်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာ ၈ လလောက်ရှိပြီဖြစ်ပြီး ဒေသခံတွေလည်း တောတောင်ထဲ နေထိုင်ရတာ၊ ခြံထဲမှာ တဲထိုးပြီး နေနေကြရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်ကလည်း  ဆီဆိုင်မြို့နယ် တောထဲမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးငယ်တယောက်ကို ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃တပ်မှ တပ်သား ညီညီနိုင်က သေနတ်ပစ်ဖောက်ခြိ မ်းခြောက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။

တိုင်းရင်းသူ အမျိုးသမီးတွေအပေါ်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့  အဓမ္မပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ စစ်တပ် တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013