Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်
DVB
·
October 28, 2024

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် အောက်တိုဘာ ၂၇ ရက်​ ညနေ ၆ နာရီဝန်းကျင်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညနေက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဘုတလင်မြောက်ပိုင်းက မြင်သာ၊ လက်ပံ၊ နတ်ရွာတွေဘက်ကို ဗုံးကြဲသွားတာလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တယောက်က ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသားတွေ ထိမှန်သေဆုံးဒဏ်ရာရမှုနဲ့  အိုးအိမ်တွေ ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေကိုတော့ လတ်တလော မသိရသေးပါဘူး။

ဘုတလင်မြို့နယ်​ထဲကို အခုလဆန်းပိုင်းကစတင်ပြီး စစ်​ကောင်စီလက်အောက်ခံ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်​သလို လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “မြေပြင်စစ်ကြောင်းမှာ အင်အား ၁၅၀ လောက်ပါတယ်။ မြောက်ပိုင်းက ပဲပြစ်တောရွာကို ဝင်ပြီး ရွာခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းသွားတယ်။ ဖမ်းသွားတဲ့ ဓားစာခံတွေကို သူတို့စစ်ကြောင်းရဲ့ ရှေ့ကနေ သွားခိုင်းနေတယ်။ လေကြောင်းကလည်း ရှေ့​ကနေကြိုပြီး ဗုံးကြဲနေတာလို့ မြေပြင်ကနေ သိရတယ်” လို့ DVB ကို ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စီပါကျေးရွာကို ဝင်ရောက်ပြီး ဒေသခံပြည်သူ အယောက် ၂၀ ကျော်ကို အကြောင်းမဲ့သတ်ဖြတ်ကာ စီပါကျေးရွာအပြင် ဘုတလင်မြို့ပေါ်က မြောက်ပြင်ရပ်ကွက်နဲ့ ဗန္ဓုလကွက်သစ်ရပ်ကွက်တွေကို စီးနင်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၁၀၀ နီးပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

စစ်​ကောင်စီတပ်က ဒေသခံပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်၊ လူနေအိမ်တွေကို မီးရှို့နေတာကြောင့် စီပါ၊ ပဲပြစ်တော၊ ဖိုကုန်း၊ စိုင်းပြင်လေးကျေးရွာတွေ အပြင် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013