မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ဖြစ်ပွားတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲမှာ အာဠာဝက ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် အပါအဝင် PDF တပ်ဖွဲ့ဝင် ၃ ယောက် ကျဆုံးခဲ့တယ်လို့ မကွေးခရိုင် ကွပ်ကဲရေးရုံးက အောက်တိုဘာ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မကွေးခရိုင်ကွပ်ကဲရေးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်က ချောက်မြို့နယ်အခြေစိုက် အာဠာဝက ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ပေတ အပြင် မကွေးခရိုင် အမှတ် ၂ တပ်ရင်းက ရဲဘော်တဦးနဲ့ ညီနောင်တပ်ဖွဲ့က ရဲဘော်တဦးတို့ ကျဆုံးခဲ့သလို ရဲဘော် ၇ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ချောက်မြို့နယ်၊ ရွာမကျေးရွာဘက်ကို စစ်ကြောင်းထိုးလာစဥ် အောက်တိုဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ကြိမ်တိုင်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အာဠာဝကပြောက်ကျားတပ်ဖွဲ့ ရဲဘော်တယောက်က “ကိုပေတဖုန်းက စစ်သားတွေလက်ထဲ ရောက်သွားတယ်။ သူနဲ့ဆက်သွယ်ထားတဲ့သူတွေ ဂရုတစိုက် ကြိုတင်ရှောင်နိုင်ကြဖို့ အထူးသတိပေးလိုပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးခရိုင် အမှတ် ၂ တပ်ရင်း၊ မြို့နယ် ပကဖနဲ့ ဒေသ PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
မြေပြင်စစ်ကြောင်း အထိနာတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးနားက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ရွာမကျေးရွာဘုန်းကြီးကျောင်းကို မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်း ပျက်စီးခဲ့သလို စစ်ဘေးရှောင်ပြည်သူ ၂ ယောက်လည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူ များပြားတယ်လို့လည်း သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ချောက်မြို့နယ်အခြေစိုက် ခလရ ၁၃၊ ဝါဇီတပ်နဲ့ ပုပ္ပါးတပ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်နိုင်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။