Home
မြန်မာသတင်း
အောင်ဇေယျစစ်ကြောင်း တကျော့ပြန်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများဖြစ်ပွား
DVB
·
October 29, 2024

ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းနဲ့ အောက်ဘိုတဲ လမ်းဟောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူပြီး အောင်ဇေယျစစ်ကြောင်းက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ကြောင်းဟာ စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး မြေပြင်နဲ့ဝေဟင်ပစ်ကူရယူပြီး တကျော့ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

အောင်ဇေယျစစ် ကြောင်းဟာ ၂ လနီးပါး ကြာမြင့်လာတဲ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေကို မထိုးဖောက်နိုင်တဲ့အပြင် အထိနာနေတာကြောင့် မြေပြင်နဲ့ဝေဟင်ပစ်ကူ ရယူနေရပါတယ်။ 

တိုက်ပွဲတွေ မနက် ည နေ့တိုင်းလိုလိုဖြစ်ပွားနေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“အခု ၄၊ ၅ ရက်လောက်ရှိပြီး ဆက်တိုက်ကို မနက်ကော ညနေကောပဲ။ မနေ့ကလည်း ဂျက်ဖိုက်တာတွေ ၃ ခါလောက်တက်တယ်။ ကော့နွဲမှာ စော်(တိုက်ပွဲဖြစ်)နေတယ်။ ကိုယ်ဘက်ကလည်း မိုင်းထောင်ထားတယ်။ သူဘက်ကလည်း မိုင်းထောင်ထားတယ်။ ဟိုဘက်ဒီဘက်စော်နေကြတယ်။”

ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့  ကော့ကရိတ်မြို့မှာ  စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ အာရှလမ်းပိုင်းကို အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆက်လက်ထိန်းချုပ်ထားပါတယ်။  

ဧပြီ ၂၇ ရက်က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ခေါ်ယူခဲ့ပါတယ်။ စစ်ကောင်စီက မြေပြင်နဲ့ ဝေဟင်ကနေ ပစ်ခတ်နေတာကြောင့် မြို့တွင်းပြန်လည်ဝင်ရောက်နေထိုင်သူတွေ စိုးရိမ်ရပြီး ဆက်လက်မနေသင့်ဘူးလို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတယောက်က  “အမှန်မှာတော့ သူတို့အတွက် အများကြီး  စိုးရိမ်စရာရှိတာပေါ့။ လေယာဉ်က အစိုးမရဘူး။ တခြားဟာက ပြဿနာမရှိဘူး။ သူတို့အတွက် အရမ်းစိုးရိမ်စရာ အခြေအနေရှိတယ်။ ကော့ကရိတ်မြို့က မနေသင့်တော့ဘူး။ ကော့ကရိတ်မြို့ကို ပြန်ဝင်တာကိုက မကောင်းတာ” လို့ ပြောပါတယ်။  

ဒါ့အပြင် အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၁ နာရီလောက်မှာလည်း စစ်ကောင်စီက မြဝတီမြို့ကို လေကြောင်းကနေ ၃ ကြိမ်ထက်မနည်း စောင့်ကြည့်ပျံသန်းခဲ့တာကြောင့် စိုးရိမ်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂၀ ရက်၊ နေ့လယ်ပိုင်းမှာ ခလရ ၂၇၅ တပ်ကို စစ်ကောင်စီက လေကြောင်းကနေ စစ်ဝတ်စုံ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာထုတ်တွေ ထောက်ပို့ခဲ့ပြီး သင်္ဃန်းညီနောင်တပ်စခန်းတွေ ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ရေးပြင်ဆင်နေပါတယ်။ 

ဒါ့အပြင် မြဝတီမြို့ပေါ်မှာလည်း မြို့လုံခြုံရေးကို  BGF၊ NCA လက်မှတ်ရေးထိုးထားတဲ့ DKBA၊ KNU/KNLA(PC) တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ကင်း၊  ပတ်ကင်း၊ လုံခြုံရေးလုပ်ဆောင်နေတာတွေ ရှိတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013