မန္တလေးတိုင်း၊ နွားထိုးကြီးမြို့အနီးမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လင်မယား ၂ ယောက် သေဆုံးခဲ့တယ်လို့ နွားထိုးကြီးမြို့ခံတွေဆီက သိရပါတယ်။
နွားထိုးကြီးမြို့ခံတယောက်က “စစ်သားတွေ တပ်စွဲနေတဲ့ နတ်စင်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ၃ ချက်တိတိ လှမ်းပစ်တာ။ ဘယ်ကို ပစ်မှန်းလည်းမသိဘူး ရမ်းပစ်နေတာပါ။ အဲဒီထဲက ၁ လုံး ကတော့ တောင်သာဘက်ထွက်တဲ့ မြို့အ၀င်ဆိုင်းဘုတ်နားက ရွာအစွန်က အိမ်ပေါ်တည့်တည့်ကျလို့ လင်မယား ၂ ယောက် သေသွားတယ်” လို့ ပြောပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် နွားထိုးကြီးမြို့တောင်ဘက် မြို့အ၀င်ဆိုင်းဘုတ် အနီးက ထနောင်းပင်လဲ့ကျေးရွာမှာရှိတဲ့ လူနေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ်အတွင်းမှာရှိနေတဲ့ လင်မယား ၂ ဦး နေရာမှာသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့နယ်အတွင်းက ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ တယောက်က “သေဆုံးသွားသူတွေရဲ့ အချက်အလက်တွေ စုံစမ်းနေတယ်။ အသက်တွေကတော့ ၄၀ နဲ့ ၅၀ ကြား တွေလောက်တော့ ရှိမယ်။ ဆုံးသွားတဲ့သူတွေရဲ့ ခန္ဓာကိုယ်တွေကတော့ ပျက်စီးသွားတယ်”လို့ ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်ညကလည်း စစ်ကောင်စီတပ်ဟာ Y12 လေယာဥ်နဲ့ နွားထိုးကြီးမြို့ တောင်ဘက်က အောင်ပန်းကုန်းကျေးရွာနဲ့ အောင်သာကျေးရွာကို ဗုံးသီးအလုံး ၂၀ ကျော် ကြဲချခဲ့ တာကြောင့် စက်သုံးဆီအရောင်းဆိုင်တဆိုင် ပျက်စီးသွားသလို နွားတွေအပါအ၀င် အိမ်မွေး တိရစ္ဆာန်တွေ သေဆုံးခဲ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တို့မှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO) အဖြစ် သြဂုတ် ၁၀ ရက်က စတင်ခဲ့ကာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။