စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ကို အာရက္ခတပ်တော် (AA)က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မကြာခင် နပခကို ထိန်းချုပ်နိုင်တော့မယ့် အခြေအနေရှိတယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ အမ်းမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို AA တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေဖြစ်ပြီး နပခကိုလည်း မကြာခင် အပြီးသတ်သိမ်းနိုင်တော့မယ့်အခြေလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အမ်းမြို့မကျစေရေးအတွက် လေကြောင်းပစ်ကူတွေကို တောက်လျှောက်လုပ်နေသလို မကွေးဘက်ကနေ စစ်ကူ ရာနဲ့ချီပြီးတက်လာနေတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကူစစ်ကြောင်းဟာ ပဒါန်းကို ကျော်လာပြီဖြစ်ပေမဲ့ အမ်းဘက်ကို ရောက်ဖို့တော့ မလွယ်ဘူးလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
လက်ရှိအခြေအနေက အမ်းမြို့နယ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို AA က ထိန်းချုပ်ထားနိုင်တဲ့အခြေအနေဖြစ်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူရှိနေလို့သာ ရှင်းလင်းရေးလုပ်ဖို့ အချိန်ယူနေရတဲ့သဘောလို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေတာကြောင့် အမ်းလေဆိပ်ကိုလည်း စစ်ကောင်စီလေယာဉ်တွေမဆင်းနိုင်တော့ဘဲ စစ်ကူနဲ့ ရိက္ခတွေကို လေထီးနဲ့ပဲ ချပေးနေရတဲ့အခြေအနေဖြစ်နေတာပါ။
ဒါ့အပြင် AA တပ်တွေက မြို့ကို အပြည့်အဝပိတ်ဆို့ထားနိုင်သလို အမ်းမြို့ဟာ တိုင်းစစ်ဌာနချုပ်ဖြစ်နေပေမဲ့ လက်ရုံးတပ်တွေပဲများပြီး တိုက်ခိုက်ရေးတပ်က ထင်သလောက် ရှိမနေတာကြောင့် မကြာခင်ပဲ သိမ်းပိုက်သွားနိုင်တော့မယ့်အခြေအနေကို ရောက်နေပြီလို့ ရခိုင်ဝါရင့်နိုင်ငံရေသမားကြီး ဦးဖေသန်းက ပြောပါတယ်။
တကယ်လို့ အမ်းမြို့အပြီးသတ်ကျသွားရင်တော့ စစ်ကောင်စီအတွက် ဒုတိယမြောက် လက်လွှတ်ရတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်လာမှာပါ။
ဒါ့အပြင် မောင်တောမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅)မှာလည်း တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေပါတယ်။ အခြေအနေသေးစိတ်နဲ့ပတ်သက်လို့ အာရက္ခတပ်တော်ဘက်ကို ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ထက်အောင်