Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်ရေး ဘယ်လောက်အထိအောင်မြင်ပြီး ဘယ်အထိ ခရီးဆက်နိုင်မလဲ
DVB
·
October 28, 2024

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA နဲ့ AA တို့ ဦးဆောင်စတင်ခဲ့တဲ့  ၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာ ၂၇ ရက်မှာ  တစ်နှစ်ပြည့်ခဲ့ပါပြီ။

ဒီစစ်ဆင်ရေးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းစစ်ဌာနချုပ်နဲ့  ရခိုင်ပြည်နယ်မှာရှိတဲ့ ရေတပ်စခန်းဌာနချုပ် အပါအဝင် မြို့တွေနဲ့ တပ်ရင်းစခန်းအများအပြားကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီအတွက်တော့ကြီးမားတဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။

စစ်ဆင်ရေးအတွင်း သက်ဆိုင်ရာအဖွဲ့အလိုက် ထိန်းချုပ်မှုနယ်မြေတွေကို ထင်ထားတာထက် ပိုပြီး သိမ်းပိုက်ရတာကို တွေ့ခဲ့ရသလို နောက်ထပ် ထပ်ပြီးရနိုင်တဲ့ မြို့နယ်တွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အဲဒီဒေသတွေကို လေကြောင်းကနေ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေတာကြောင့်  ဒေသခံလူထုအတွက်တော့ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲပါ။

၁၀၂၇ ပထမပိုင်းမှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ နယ်မြေတွေကို  ဦးတည်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ရှမ်း-မန်း စစ်ဆင်ရေးအဖြစ်ပါ ချိတ်ဆက်လာနိုင်တာတွေကို တွေ့ရပါတယ်။

စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအတွင်း၊ စစ်အီနေတဲ့အခြေအနေမှာ စစ်ရေးချိန်ခွင်လျှာကို ပြောင်းပစ်နိုင်တဲ့အတွက် အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်သလို၊ အောင်မြင်နေဆဲ စစ်ဆင်ရေးလည်းဖြစ်တယ်လို့ ပြောပါတယ်။ ဒီစစ်ဆင်ရေးကြောင့်ပဲ စစ်ကောင်စီက ထိုးစစ်ကနေ ခံစစ်ဘက်ကို လုံးဝကူးပြောင်းသွားရတာလို့လည်း ဆိုပါတယ်။

CDM ဗိုလ်ကြီးဇင်ယော်က “အရှုံးကြီးရှုံးပြီးတော့ စစ်တပ်သမိုင်းတလျှောက် တခါမှမရှုံးဖူးခဲ့တဲ့ အနေအထားမျိုးပေါ့။ ဘယ်လောက်အထိ အရေးပါလဲဆိုတာကို မဟာမိတ်သုံးဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြလိုက်တာ။ စစ်တိုက်တယ်ဆိုတာ ဒီလိုတိုက်ရတယ်။ ဒီလိုတိုက်ရင် ဒီလိုရတယ်ဆိုတဲ့ အနေအထားမျိုးကို ပြပြီးတော့ တော်လှန်ရေးအင်အားစုတွေအတွက် လမ်းကြောင်းဖွင့်ပေးလိုက်တဲ့ တိုက်ပွဲကြီးလို့ ပြောရမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း ၁၀၂၇ စစ်ဆင်ရေးဟာ လက်ရှိ စစ်ကောင်စီတပ်ဆိုတာ တကယ်တိုက်ရင် တကယ်ပြိုနိုင်တယ်ဆိုတာကို လက်တွေ့ပြတဲ့ စစ်ဆင်ရေးလို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းအင်အားစုတွေ ဒီထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့တိုက်နိုင်ရင် ပိုကြီးတဲ့ အောင်မြင်မှုတွေ ရလိမ့်မယ်ဆိုတာကိုလည်း ဒီစစ်ဆင်ရေးက သင်ခန်းစာပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာလှကျော်ဇောက “ဒီစစ်အာဏာရှင်စနစ်ကို တိုက်နေတာ အခုမှမဟုတ်ဘူး။ ၁၉၆၂ ခုနှစ် ဇူလိုင်ရက်နေ့ကတည်းက စတာ။ အကြိမ်ကြိမ်တိုက်ခဲ့တယ်။ ကျမတို့ ဗကပတွေလည်း မဆလနဲ့ အကြီးအကျယ် တိုက်ခဲ့ကြတာ။ ဒါပေမဲ့ ဘယ်တုန်းကမှ ဒီလောက်ကောင်းမွန်တဲ့ နိဂုံးချုပ်ချက်မရခဲ့ဘူး” လို့ ပြောပါတယ်။

စစ်ဆင်ရေးအစက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ပြန်ကြည့်လိုက်ရင် ၁၀၂၇ စစ်ဆင်ရေးမှာ ရည်ရွယ်ချက် ၆ ခုပါဝင်ပါတယ်။

လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့၊ ကိုယ်ဒေသကို ပိုပြီးထိန်းချုပ်နိုင်ဖို့၊ စစ်ကောင်စီရဲ့ နေ့ရောညပါ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ကာကွယ်ဖို့၊  စစ်အာဏာရှင် အမြစ်ဖြတ်ဖို့နဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုတဲ့ အချက်တွေပါ။

ဒီအချက်တွေကို ယေဘုယျခြုံကြည့်မယ်ဆိုရင် ရည်ရွယ်ချက်အားလုံးကို အကောင်အထည်မဖော်နိုင်သေးတောင် အများစုကိုတော့ အကောင်အထည်ဖော်နိုင်ခဲ့တာကို တွေ့ရမှာပါ။

၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုနဲ့အတူ တဖက်မှာလည်း တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေကလည်း ဆက်တိုက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် မဟာမိတ်အဖွဲ့တွေထဲက MNDAA နယ်မြေမှာ တိုက်ပွဲတွေ ရပ်ခဲ့တဲ့အထိ ဖြစ်နေတာပါ။

ဒါကြောင့် စစ်အာဏာရှင်အမြစ်ပြတ်ရေးနဲ့ ၁၀၂၇ ရဲ့ ရှေ့အလားအလာ ဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။ ဒါပေမဲ့လည်း ကျန်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ AAကတော့ တိုက်ပွဲတွေ ဆက်ဖော်နေဆဲဖြစ်သလို မန္တလေးတိုင်းဘက်က စစ်ဆင်ရေးကလည်း ဆက်ပြီးသွားနေပါတယ်။

ဒီအခြေအနေကိုကြည့်ရင် တရုတ်ရဲ့ ဖိအားကြောင့် တစုံတရာ နောက်ဆုတ်လိုက်ရတာတွေရှိပေမဲ့ စစ်ဆင်ရေးတစုံလုံးကို ထိခိုက်ဖို့ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးသန်းစိုးနိုင်က သုံးသပ် ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းရဲ့ အဆုံးသတ် အခြေအနေဟာ နေပြည်တော်ကို ခြိမ်းခြောက် လာနိုင်တဲ့ အခြေအနေအထိရောက်အောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေ ပူးပေါင်းပြီးတော့ ထိုးစစ်ဆင်လာမယ့် အလားအလာတွေကို ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဒီစစ်ဆင်ရေးဟာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှု မည်သို့ပင် ရှိစေကာမူ ဆက်လက်ပြီးအရှိန်အဟုန်ကောင်းနေတယ်။ ဆက်လက်ပြီး သူ့တိုက်ပွဲတွေကို အရှိန်အဟုန်မပြတ် စီးဆင်းနေတယ်။ သို့သော်လည်း ရှမ်း-မန်းစစ်ဆင်ရေးကတော့ တရုတ်ရဲ့ ဝင်ရောက်တားဆီး နှောင့်ယှက်မှုကြောင့် တစုံတရာ အခြေအနေနဲ့ နောက်ဆုတ်သွားရတဲ့ အချိန်လေးတွေတော့ ရှိနိုင်ပါတယ်။ သို့သော် ၁၀၂၇ စီမံကိန်းရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ နေပြည်တော်အထိ သိမ်းပိုက်မယ့် ရည်မှန်းချက်ကတော့ မပျက်မကွက် အရှိန်အဟုန်နဲ့ ဆက်လက်ဖော်ဆောင်နေတဲ့အခြေအနေလို့ သုံးသပ်လို့ရပါတယ်။”

တရုတ်ဖိအားကြောင့် စစ်ဆင်ရေးတစုံတရာ တန့်သွားတာမှန်ပေမဲ့ တော်လှန်ရေးအပေါ်တော့ ထိခိုက်မှာမဟုတ်ဘူးလို့ ဒေါက်တာလှကျော်ဇော်ကလည်း ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ရှိအခြေအနေဟာ ဘယ်နိုင်ငံကမှ ကယ်နိုင်တဲ့အခြေအနေမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

တရုတ်အနေနဲ့ သူ့နိုင်ငံအကျိုးစီးပွားအတွက် သူ့မူဝါဒအရ အပစ်ရပ်ရေးဖိအားမှုတွေ ရှိနေမှာဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာလူထုအနေနဲ့လည်း ကိုယ့်အကျိုးစီးပွားကို ရှေးရှုပြီး ပါးပါးနပ်နပ်နဲ့ လုပ်စရာရှိတာကို ဆက်လုပ်ရမှာဖြစ်တယ်လို့ ဒေါက်တာလှကျော်ဇောက တိုက်တွန်းပါတယ်။

"ကျမတို့ ဗမာပြည်အနေနဲ့က တရုတ်က အိမ်နီးနားချင်းနိုင်ငံ၊ တရုတ်က အင်အားကြီးနိုင်ငံ၊ တရုတ်ကို ဆန့်ကျင်လို့၊ တရုတ်ကို မျိုးစုံဆဲဆိုနေလို့လည်း ကျမတို့ တော်လှန်ရေးအတွက် ဘာမှအကျိုးမရှိဘူးဗျ။ အဲဒါကို သတိထားကြပါ။”

လက်ရှိမှာတော့ တရုတ်ဖိအားရှိနေတဲ့ ကြားကပဲ ရှမ်းမြောက်၊ ရခိုင်နဲ့ မန္တလေးတိုင်းတို့မှာလည်း တိုက်ပွဲတွေကတော့ ဆက်ရှိနေသလို ညီနောင်မဟာမိတ်တွေအနေနဲ့ သိမ်းပြီးမြို့တွေကိုလည်း ခုချိန်အထိ ဆက်လက်ထိန်းထားနိုင်ဆဲအခြေအနေ ဖြစ်ပါတယ်။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေးရဲ့ တိုက်ခိုက်ရေးဗျူဟာနဲ့ ဆောင်ရွက်ပုံတွေဟာ နောက်ထပ် လာမယ့်တိုက်ပွဲတွေအတွက် သင်ခန်းစာယူစရာလို့လည်း စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ 

ထက်အောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024