Home
မြန်မာသတင်း
ရခိုင်တွင် စားဝတ်နေရေး အဆင်မပြေမှုကြောင့် တောင်းရမ်းစားသောက်သူ ပိုများလာ
DVB
·
October 28, 2024

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ စဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီက လမ်းခရီး ကန့်သတ်ထားတာကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာပြီး စားဝတ်နေရေး ခက်ခဲလာကာ တောင်းရမ်းစားသောက်သူတွေ ပိုများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တကျော့ပြန်တိုက်ပွဲ စဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေဟာ အလုပ်အကိုင် ရှားပါးလာပြီး အလုပ်လက်မဲ့ ပိုများလာတာ၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာတွေကြောင့် စားဝတ်နေရေး ပိုခက်ခဲလာကြတာလည်း ဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီးတယောက်က “အရင်ကတည်းက တရက်လုပ်မှ တရက်စားရတဲ့သူတွေပါ ခု တိုက်ပွဲတွေဖြစ်နေတော့ အလုပ်ကလည်း မရှိတော့ဘူး၊ စစ်ဘေးရှောင်နေကြတာဆိုတော့ အလုပ်လုပ်ရင်လည်း တရက် လုပ်အားခက ၃,၀၀၀ လောက်ပဲရှိတယ်၊ ဒါတောင် နေ့တိုင်းလုပ်ရတာ မဟုတ်ဘူး၊ ကုန်ဈေးနှုန်းကလည်း တနေ့ထက်တနေ့ ပိုပိုကြီးလာတာ၊ ထမင်းဖိုးတောင် မရဘူး၊ ကူညီပေးတဲ့အဖွဲ့တွေ ရောက်လာရင်တော့ နည်းနည်းစားရတယ်၊ မလာရင် ငတ်ပြီ၊ အငတ်မှ မခံနိုင်တာ၊ နောက်ဆုံး မတတ်သာတဲ့အဆုံးတော့ တောင်းစားရတာပေါ့၊ မိသားစုတွေလည်း ရှိတယ်လေ” လို့ ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် အခြေခံ လက်လုပ်လက်စားသမားတွေနဲ့ စစ်ဘေးရှောင်တွေဟာ ပိုခက်ခဲလာကြပြီး ငတ်ပြတ်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး အခုလို တောင်းရမ်း စားသောက်နေကြရတယ်လို့လည်း သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က “စစ်ဘေးရှောင်ဦးရေက ၈၀,၀၀၀ လောက်ရှိတယ်၊ ပေါက်တော၊ ရသေ့တောင်၊ စစ်တွေတို့က လာရှောင်နေကြတာ၊ တနေ့ထက်တနေ့ စစ်ဘေးရှောင်ဦးရေ ပိုပိုများလာနေတော့ စားဝတ်နေရေး ပိုခက်ခဲလာကြတယ်၊ ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့တွေလည်း မရောက်ဖြစ်တော့ ပိုပြီးခက်ခဲနေကြတာပေါ့၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေလည်း မရကြတဲ့အပြင် နေ့တိုင်း ထမင်းနပ်မှန်အောင် မစားနိုင်တော့ဘူး၊ စစ်ဘေးရှောင်တွေထဲမှာလည်း အငတ်မခံနိုင်ကြတော့ တောင်းရမ်းစားသောက်တဲ့သူ ပိုများလာကြတယ်၊ ဒါကြောင့် စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ရခိုင်မှာ တကျာ့ပြန်တိုက်ပွဲ စဖြစ်ပြီးနောက်ပိုင်း စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆၀၀,၀၀၀ နီးပါး ရှိလာနေပြီဖြစ်ပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013