Home
မြန်မာသတင်း
လွိုင်ကော်က ရွာတချို့ ရေပြန်မကျသေးသဖြင့် ဒေသခံများ စားဝတ်နေရေး အခက်ကြုံနေ
DVB
·
October 27, 2024

ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးအနားက ကျေးရွာတွေမှာ အခုအချိန်ထိ ရေအကုန် မကျသေးတာကြောင့်  ဒေသခံပြည်သူတွေ စားဝတ်နေရေးခက်ခဲနေကြပါတယ်။

စက်တင်ဘာလ ပထမအပတ်ကစပြီး ရေကြီးရေလျှံခဲ့တဲ့ ဘုရားဖြူ၊ ဘုရားနီနဲ့ ဖောင်းတောကျေးရွာတို့မှာ အခုလက်ရှိမှာ ရေက ၅ ပေ ကျော်လောက်ထိ ကျန်နေပြီး တရက်ကို ၂ လက်မ ၃ လက်မလောက်ပဲ ပြန်ကျနေတယ်လို့ သိရပါတယ်။

ဖောင်းတော ဒေသခံတယောက်က “အခုက အလှူရှင်ကိုအားကိုးပြီး နေနေရတာပေါ့နော်။ အိုးအိမ်ပျက်စီးမှုက ရေလှိုင်းပုတ်တဲ့ဒဏ်ကြောင့် တော်တော်လေး ပျက်သွားတဲ့အနေအထားရှိနေတယ်။ တချို့က ကုန်းပေါ်မှာ တက်နေနေတယ်။ အိမ်တွေကိုလည်း ပြန်ပြုပြင်ရမှာပေါ့နော်။ လယ်တွေကလည်း မြုပ်ကုန်ပြီ၊ စိုက်ပျိုးသီးနှံလည်း အဆင်မပြေဘူးပေါ့နော်” လို့ ပြောပါတယ်။

ကျေးရွာ ၃ ရွာပေါင်း အိမ်ခြေ ၃၇၀ ကျော်ရှိပြီး နေအိမ်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ပျက်စီးကုန်တဲ့အပြင် နေအိမ်တချို့က အိမ်ခေါင်မိုးလန်သွားတာ၊ အိမ်ပါ ပြိုသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဘုရားဖြူရွာဒေသခံတယောက်က “ခုက ပြန်နေလို့ အဆင်မပြေသေးတော့ ယောက်ျားလေးတချို့ပဲ ပြန်နေတယ်။ တချို့လည်း ငါးရှာ ဖားရှာ၊ တချို့လည်း ကန်စွန်းရွက် ခူးရောင်းတာပေါ့။ ကလေးတွေတော့ ကျောင်းတက်ရတာ အဆင်မပြေဘူးပေါ့။ ရေခန်းဖို့ကလည်း ၃ လလောက် စောင့်ရဦးမယ်။ အိမ်တွင်းပစ္စည်းတွေလည်း ရေနဲ့မျောသွားတာ များတယ်” လို့ ပြောပါတယ်။

ကျေးရွာဒေသခံတွေဟာ ရေမကြီးခင်က သီးပင်စားပင် စိုက်ပျိုးတာတွေ၊ စပါးစိုက်ပျိုးတာတွေနဲ့ တနိုင်တပိုင်စီးပွားရေး လုပ်ကိုင်တာတွေ ရှိပေမယ့် ရေကြီးတာကြောင့် အကုန်လုံးပျက်စီးခဲ့ရပြီး စပါးခင်း ဧက ၅,၀၀၀ ကျော်နဲ့ အိုးအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ရေကြီးနေတဲ့အတွက် ကလေးငယ်တွေရဲ့ ပညာရေးတွေလည်း နှောင့်နှေးခဲ့ရပြီး  စာရေးကိရိယာ၊ ဖတ်စာအုပ်၊ ဗလာစာအုပ်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဖောင်းတောကျေးရွာက ​ဆရာမတယောက်က “ဖောင်းတောမှာ ရေကြီးတော့ မူလတန်းကျောင်းကို ခဏပိတ်ထားရတယ်ပေါ့နော်။ ရေနည်းနည်းကျတော့ တချို့အတန်းတွေက ဘုန်းကြီးကျောင်းမှာ ယာယီသင်နေကြတယ်။ အခက်အခဲတွေက အိမ်သာအခက်အခဲလည်း ရှိတယ်။ စာသင်ခုံတွေ ရေနစ်ကုန်ပြီ။ တချို့ကလေးဆိုရင် ကျောင်းစာအုပ်တွေလည်း ရေထဲ မျောကုန်တာတွေ ရှိတော့ ပြန်ဝယ်ရမှာတွေ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

ကျေးရွာဒေသခံတွေဟာ လက်ရှိမှာ ပြည်သူလူထုက လှူဒါန်းတာကိုပဲ အဓိကအားထားနေရပြီး ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်လည်း အကူအညီတွေ လိုအပ်နေတာကြောင့် ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013