Home
မြန်မာသတင်း
ကလောမြို့ရှိ ကျူးကျော်နေရာများကို သိမ်းယူမည့်သတင်းကြောင့် ရေဘေးဒုက္ခသည်များ အခက်ကြုံ
DVB
·
October 9, 2024

ကလောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် နေအိမ်အလုံးလိုက် မျောပါ ဆုံးရှုံးသွားတဲ့ ကျူးကျော် မြေနေရာတွေကို ပြန်လည်သိမ်းယူမယ်ဆိုတဲ့ သတင်းတွေကြောင့် အဲဒီနေအိမ်ပိုင်ရှင် ဒေသခံတွေ  စိုးရိမ်ဒုက္ခရောက်နေကြပါတယ်။ 

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ယာဂီမုန်တိုင်းအရှိန်ကြောင့် ကလောမြို့နယ်အတွင်း ရေကြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ရပ်ကွက် ၃ ဘူတာရပ်ကွက်ရှိ ရထားသံလမ်းဘေး နေထိုင်တဲ့ ပြည်သူတွေရဲ့  ကျူးကျော်အိမ်တွေ အလုံးလိုက်မျောပါ ဆုံးရှုံးသွားခဲ့တာပါ။ 

အဲဒီအိမ်တွေမှာ နေထိုင်ခဲ့ကြတဲ့ မိသားစုဝင်တွေမှာ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ အခက်အခဲရှိသလို အဲဒီနေရာတွေမှာ လူနေအိမ်တွေ ပြန်လည်တည်ဆောက်ခွင့်မပေးတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် စိတ်ထိခိုက်ရတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။

ရပ်ကွက် ၃ ဘူတာ ရပ်ကွက်အတွင်း ရေထဲ အိမ်မျောပါသွားသူနဲ့ ရေကြောင့် အိမ်ပြိုပျက်သွားတဲ့ အိမ်အလုံးပေါင်းက ၆၀ ကျော်ရှိပြီး ရေဘေးကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုပေါင်းက ၃၄၀ ကျော်ရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အဲဒီမိသားစုဝင်တွေအတွက် အစားအသောက် အဝတ်အထည်နဲ့ ငွေကြေးအချို့ကို အနယ်နယ်အရပ်ရပ်က လာရောက်လှူဒါန်းကြပါတယ်။

နေအိမ်ပြိုကျ ပျက်စီးသွားတဲ့ မိသားစုတွေမှာ ရင်းနှီးသူ မိတ်ဆွေတွေ၊ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရပြီး မူလနေရာမှာ ပြန်လည်တည်ဆောက်ခွင့်ရပါက အသက်မွေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ပြီး သဘာဝဘေးကို ကျော်လွှားနိုင်မှာဖြစ်တယ်လို့  ကလေးမိခင်ဖြစ်သူက ပြောပါတယ်။

လတ်တလောမှာ ကလောဘူတာ ပါဝင်တဲ့ သာစည်-ရွှေညောင်ရထားလမ်းပိုင်းဟာ တောင်ပြိုမှုတွေကြောင့် ရထားလမ်းတွေ ပျက်စီးပြီး ပြန်လည်တည်ဆောက်ဖို့ မလွယ်ကူနိုင်သေးဘဲ ရထားပြန်လည်ပြေးဆွဲနိုင်ဖို့ လပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013