Home
နိုင်ငံတကာ
ချင်းမိုင် ရေဘေးအတွင်း အဘွားအို ၁ ဦးနှင့် ဆင် ၂ ကောင် သေဆုံး 
DVB
·
October 7, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ ၄ ရက်မြောက်ထိ ရေကြီးနေပြီး အောက်တိုဘာ ၆ ရက်က ရေဘေး ကယ်ဆယ်ရေးလှေတစီး တိမ်းမှောက်ပြီး အဘွားအိုတယောက် သေဆုံးသွားပါတယ်။

ချင်းမိုင်မြို့နဲ့ တဆက်တည်းရှိတဲ့ ဆာရဖီးမြို့နယ် နောင်ဖိန့်ရပ်ကွက် ကန်းကနုတ်ဗျူး အိမ်ရာမှာလည်း ရေ ၂ မီတာအမြင့်ထိ တက်လာလို့ ကယ်ဆယ်ရေးအဖွဲ့တွေက အိမ်ထဲ ပိတ်မိနေသူတွေကို လှေနဲ့ လိုက်လံကယ်တင်ခေါ်ထုတ်ခဲ့ပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့ရဲ့ ဂျက်စကီးလှေတစီးဟာ အောက်တိုဘာ ၆ ရက် ညနေက အဆိုပါအိမ်ရာက လူ ၇ ယောက်ကို လှေပေါ်တင်ပြီး လှေဦးခေါင်းကို လှည့်လိုက်စဉ် မတော်တဆ တိမ်းမှောက်သွားလို့ လှေပေါ်ပါသူအချို့ ရေထဲကျသွားခဲ့ပါတယ်။  အဆိုပါလှေပေါ်မှာ ကယ်ဆယ်ရေးအဖွဲ့  ၄ ယောက်ပါရှိပြီး ရေထဲကျသွားသူတွေ ချက်ချင်း လိုက်လံဆွဲတင်ခဲ့ပေမဲ့ ၃ ဦးကတော့ ရေစီးထဲမျောပါသွားခဲ့တယ်။ 

ပျောက်ဆုံးသူ ၃ ယောက်ကို လိုက်ရှာရာမှာ အမျိုးသား ၂ ယောက်က သစ်ပင်ပေါ် တက်ရှောင်နေပြီး‌ အဘွားအိုတယောက်ကတော့ နောက်သစ်ပင်တပင်နားမှာ မေ့မြောနေပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို လှေပေါ်ခေါ်တင်ပြီး CPR နည်းနဲ့ ရှေးဦးသူနာပြုစုကာ တခြားလှေတစီးနဲ့ ဆေးရုံကို အမြန်ပို့လိုက်တယ်၊ ညနေ ၅ နာရီ ၅၆ မိနစ်မှာတော့ လူနာဟာ အဆုတ်ထဲ ရွှံ့နွံဝင်ရောက်သွားတဲ့အတွက် သေဆုံးသွားပြီလို့ ထိပ်ပန်းယားဆေးရုံက ထုတ်ပြန်ပါတယ်။ သေဆုံးသူမှာ နန်းဖိမ်းထာယုဒ် ဆိုသူ အသက် ၇၁ နှစ်ရွယ် လူမမာဖြစ်တယ်လို့ ဆိုပါတယ်။ 

ချင်းမိုင်ရေကြီးမှုမှာ ရွှေ့ပြောင်းချိန်မရလိုက်တဲ့ ဆိုင်ကယ်နဲ့ကားတွေ၊ အိမ်ထောင်ပရိဘောဂတွေလည်း အတော်များများ ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ချင်းမိုင်မြောက်ဘက် ၂၆ မိုင်အကွာ မဲ့တိုင်မြို့နယ် ကစ်ကျန့်ရွာရှိ Elephant Nature Park-EPN ဆင်စခန်းမှာလည်း ရေကြီးရေလျှံတာကြောင့် ဆင် ၁၂၆ ကောင် ရေထဲ ပိတ်မိခဲ့ပါတယ်။ 

တချို့ဆင်တွေဟာ ခေါင်းထိမြုပ်သွားလို့  နှာမောင်းကို အပေါ်မြှောက်ပြီး အသက်ရှူကြရတယ်၊ တချို့ဆင်ကလည်း နှာမောင်းဝှေ့ယမ်းပြီး အကူအညီတောင်းတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေက လှေနဲ့ ဆင်ကို သွားခေါ်ခဲ့တယ်၊ သိတတ်တဲ့ ဆင်လိမ္မာလေးတွေလည်း လှေနောက်ကို ရေထဲကနေ လိုက်လျှောက်ရင်း ကမ်းပေါ် ရောက်လာတယ်၊  ဆင်အားလုံးနီးပါးကို ကုန်းပေါ် ခေါ်တင်နိုင်ခဲ့ပေမဲ့ အသက် ၄၀ နှစ်ရွယ် မျက်မမြင် ဆင်ကြီးတကောင်နဲ့  နာမကျန်းတဲ့ ၁၄ နှစ်ရွယ် ဆင်တကောင် စုစုပေါင်း ၂ ကောင်ကတော့ ရေထဲ မျောပါသွားပြီး တကောင်က အမှိုက်သရိုက်တွေကြားထဲ၊ နောက်တကောင်က လဲကျနေတဲ့ သစ်ပင်အောက်မှာ သေဆုံးလျက် ပြန်တွေ့ခဲ့ပါတယ်။

ဆင်စခန်းအနောက်မှာ မဲ့တိုင်ချောင်းရှိပြီး အဆိုပါချောင်းရိုးတလျှောက်မှာ ကျွဲ၊ နွား၊ ဆိတ်၊ သိုး စတဲ့ မွေးမြူရေးခြံတွေလည်း ရှိပါတယ်။ အောက်တိုဘာ ၄ ရက်က တောင်ကျရေတွေ ရုတ်တရက် ကျလာတာကြောင့်  အဆိုပါတိရစ္ဆာန်အချို့လည်း ရေထဲ မျောပါသေဆုံးတာရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

မဲ့တိုင်ဆင်စခန်းနဲ့  တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်လည်း ရေဘေးသင့်ခဲ့ကြပါတယ်။ 

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာန (DDPM) ရဲ့ အောက်တိုဘာ ၆ ရက်  ထုတ်ပြန်ချက်အရ လက်ရှိ ထိုင်းတနိုင်ငံလုံးမှာ ရေကြီး‌‌ရေလျှံဖြစ်နေတဲ့ ခရိုင်ပေါင်း ၂၀ ကျန်ရှိနေပြီး ၇၆ မြို့နယ်၊ ၃၃၇ အုပ်စု၊ ၁၅၆၁ ရပ်/ကျေးက အိမ်ထောင်စုပေါင်း ၃၄၃၇၃ စု ရေဘေးသင့်နေဆဲပဲလို့ သိရပါတယ်။ 

၂၀၂၄ ဩဂုတ် ၁၆ မှ အောက်တိုဘာ ၆ ရက်အတွင်း ထိုင်းတနိုင်ငံလုံးရဲ့ ၄၂ ခရိုင်၊ မြို့နယ် ၂၆၀၊ ၁၁၀၉ အုပ်စု၊ ၅၈၄၇ ရပ်/ကျေးက အိမ်ထောင်စုပေါင်း ၂၀၇,၈၅၁ စုရေဘေးသင့်ခဲ့တယ်၊ ရေဘေးကြောင့် လူ ၄၉ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ DDPM က ထုတ်ပြန်ထားပါတယ်။

Source: Thai PBS / 3 Plus News / MCOT News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013